CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မိမိအနေဖြင့် နိုင်အောင်မတိုက်နိုင်ခဲ့ဘူးဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ (ဟောင်း)ဦးသန်းဌေးက ပြောသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄ ရက်မှ ၅ ရက်အထိ နေပြည်တော်မှာ ကျင်းပနေသည့် USDP ၏ တတိယ အကြိမ် ညီလာခံ မိန့်ခွန်းပြောစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဦးသန်းဌေးက “စောစောကပြောတဲ့ တရားမဝင် ပြင်ပမီဒီယာတွေပေါ်က ထိုးနှက်တိုက်ခိုက်ဝေဖန်နေတဲ့ မဆိုင်တဲ့ အချက်တွေတော့ နံပါတ်တစ် ဒါအရှိတရားတွေပါ။ ကျနော်ဟာ ပါတီခေါင်းဆောင်အဖြစ်နဲ့ တိုက်ပွဲကို နိုင်အောင်မတိုက် နိုင်ဘူးဖြစ်တယ်။ ဒါ အမှန်တရားပါ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရည်ညွန်းပါတယ်။ နောက်ထက် အသစ်အသစ်သော ပါတီအတွင်းမှာ ရှိနေတဲ့ အရည်အချင်းနဲ့ပြည်စုံတယ်လို့ ပါတီဝင်များက ယူဆတဲ့ ပုဂ္ဂိုလ်များကို အလှည့်ပေးရဦးမယ်”ဟု ပြောသည်။

ထို့နောက် မိမိအနေဖြင့် USDP ပါတီဥက္ကဋ္ဌ တာဝန်ကနေ နုတ်ထွက်ကြောင်း၊ ထပ်မံ ဆန္ဒမပြုတော့ကြောင်း၊ ထိုသို့ ဆန္ဒမပြုခြင်းနှင့် ဝင်ရောက် အရွေးချယ် မခံခြင်းတို့က ပြင်ပမှာ ဝေဖန်တိုက်ခိုက်နေသည့် အခြေအနေများ အတိုင်း ကြောင့် မဟုတ်ဘူးဟု ၎င်းက ပြောသည်။

USDP ပါတီ၏ တတိယအကြိမ် ညီလာခံကျင်းပနေစဉ် (New Vision)

ဦးသန်းဌေးက “ ကျနော့်အနေနဲ့ကတော့ အဆိုမပြု ဆန္ဒမပြုပါကြောင်း လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ကိုယ်တိုင်ပဲ အတည်ပြု ပေးခဲ့ပါကြောင်း။ ညီလာခံအစီအစဉ်အရ တင်ပြအပ်ပါတယ်။ ဒီလိုဆုံးဖြတ်ရခြင်းမှာ ဒီနေ့ ဆိုရှယ်မီဒီယာတွေ အပေါ်မှာ ဝေဖန် ထိုးနှက်နေတဲ့ကိစ္စများနဲ့မသက်ဆိုင်ကြောင်း တစ်ခါတည်း စပ်လျဉ်းပြီး တင်ပြချင်ပါတယ်။ ဥပဒေနဲ့အညီ ခိုင်မာစွာ ရပ်တည်နေတဲ့ပါတီကို ကျဆုံးသွားအောင် ဘက် ပေါင်းစုံက နည်းပေါင်းစုံနဲ့ ထိုးနှက် တိုက်ခိုက်နေတဲ့ ဒီလိုအချိန်မျိုးမှာ ကြီးလေးတဲ့ ပါတီတာဝန်တွေ ထမ်း ဆောင်ဖို့ ဆန္ဒမပြုခြင်းအတွက် ကျနော့်မှာ လုံလောက်တဲ့အကြောင်းအရင်းရှိပါတယ်”ဟု ပြောသည်။

ယခု ကျင်းပနေသည့် USDP ပါတီ၏ တတိယအကြိမ် ညီလာခံတွင် ပါတီဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှု ဆောင် ကော်မတီများ ပြန်လည် ရွေးချယ် တင်မြောက်ရန် ရှိကြောင်း သိရသည်။

ထို့နောက် USDP ပါတီဥက္ကဋ္ဌ အသစ်အဖြစ် လက်ရှိ ဒုဥက္ကဋ္ဌ(၂)ဖြစ်သူ ဦးခင်ရီ ဖြစ်လာနိုင်ကြောင်း သုံးသပ် လျက်ရှိကြသည်။

ဦးသန်းဌေးသည် USDP ဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ အထိ တာဝန်ယူခဲ့သည်။

အဆိုပါ ဥက္ကဋ္ဌတာဝန်ယူစဉ် ကာလအတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဖွဲ့စည်းနိုင်သည့် အရေအတွက်ကို USDP ပါတီက မနိုင်ခဲ့ပေ။ ဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတုန်းကသာ ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။