CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့နယ် တရုံကျေးရွာရှိ နာဂလူငယ် နှစ်ဦးကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ တပ်သားသစ် စုဆောင်းသွားကြောင်း ရှင်ဗွေယန်ဒေသခံများနှင့် နာဂအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။

KIA အနေဖြင့် နာဂလူငယ်များကို ယခင်ကတည်းက စုဆောင်းမှုရှိကြောင်း၊ ယခု လူငယ်နှစ်ဦးကို နေအိမ်သို့ တက်ရောက် ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မလိုသူ ရှင်ဗွေယန်ဒေသခံ တစ်ဦးက ပြောသည်။

၎င်းက “လွန်ခဲ့တဲ့ စနေညကြတော့ တစ်ယောက်ပေါ့၊ မနေ့က ညကြတော့ နောက်တစ်ယောက်ကို ဆွဲတာပေါ့လေ၊ ဆွဲတဲ့အခါကြတော့ အဲဒီတစ်ယောက်က ထွက်ပြေးတော့ သူ့အစ်ကိုကို ပြန်ခေါ်သွားတယ်၊ ဘယ်လိုပြောမလဲ စစ်သား စုဆောင်းတာပါပဲ၊ ဘယ်လိုကြောင့်လို့တော့ မဟုတ်ဘူး။ ကျနော်တို့ ဟူးကောင်းဒေသမှာကြတော့ အဓိက လှုပ်ရှားတာက KIA ပေါ့လေ၊ KIA က လှုပ်ရှားတဲ့ အခါကြတော့ သူတို့တွေ လူအင်အား ဖြည့်တာပါပဲ၊ ဘာရယ်လို့ တော့ မဟုတ်ပါဘူး။ တပ်သားသစ် စုဆောင်းတာပါပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရှင်ဗွေယန်မြို့၊ တရုံကျေးရွာတွင် အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိပြီး ကချင်၊ နာဂနှင့် အခြားလူမျိုးစုများ စုပေါင်း နေထိုင် ကြကြောင်း၊ နာဂနည်းတူ အခြားလူမျိုးစုများလည်း တပ်သားသစ် စုဆောင်းခံရကြောင်း အထက်ပါ ရှင်ဗွေယန် ဒေသခံက ပြောသည်။

ရှင်ဗွေယန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကိုတွေ့ရစဉ်

အဆိုပါ နာဂလူငယ်နှစ်ဦးကို တပ်သားသစ် စုဆောင်းသည့် ကိစ္စနှင့် ပတ်သက်၍ KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ‌နော်ဘူထံ CNI သတင်းဌာနမှ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

မိမိ၏ သဘောဆန္ဒအရ ဝင်ရောက်ပါက မတားဆီးနိုင်ကြောင်း၊ သို့သော်လည်း အိမ်ပေါ်တက်ကာ တပ်သားသစ် စုဆောင်းခြင်းမှာ အဆင်မပြေကြောင်း ရှင်ဗွေယန် ဒေသခံတစ်ဦးဖြစ်သူ ကိုကျော်လင်း(အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျ‌နော်တို့ရဲ့ နာဂလူငယ်မောင်မယ်တွေကတော့ တပ်သားစု‌ဆောင်းရေးဆိုတဲ့ ဟာကတော့ အစောက ကျ‌နော်ပြောသလို ဒါကတော့ ကျနော်တို့ အနေနဲ့ကြတော့ မစု‌ဆောင်းပေးရင် ကောင်းတယ်၊ မစုဆောင်းရင် ကောင်းတယ်ဆိုတဲ့ဟာက ခုနပြောသလို ဝင်ချင်လို့ ဝင်သွားတယ်ဆိုရင်ကတော့ ကျနော်တို့ကတော့ ဘယ်လိုမှ တားဆီးလို့ မရဘူး။ သို့သော်ငြားလည်းပဲ ဒီအိမ်တိုင်ရာရောက်ကြီး လာခေါ်တဲ့ အပိုင်းဆိုရင် ဒါကတော့ ကျ‌နော် တစ်ဦး တစ်ယောက်အနေနဲ့တော့ သိပ်တော့ အဆင်မပြေနိုင်တဲ့ အခြေအနေရှိတာပေါ့နော်၊ တချို့တွေဆိုတာတော့ မိဘရဲ့ အခြေအနေကြောင့်လည်း အများကြီးရှိတယ်ပေါ့၊ ဒီဟာလေးကိုတော့ ကျနော်ပြောချင်တယ်၊ ဒါကတော့ ကျနော်ရဲ့ တစ်ဦးတစ်ယောက်အနေနဲ့ပေါ့ ပြောတာပေါ့” ဟု ပြောသည်။

နာဂလူမျိုးများကိုတွေ့ရစဉ်

KIA အနေဖြင့် တပ်သားသစ်စုဆောင်းသွားသည့် လူမျိုးခြားများကို ကချင်နာမည် ပြောင်းပေးလေ့ရှိကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ အထက်ပါ ရှင်ဗွေယန် ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “လက်နက်ကိုင် လုပ်တယ်ဆိုရင်တောင်မှ ကျနော်အနေနဲ့ ဖြစ်စေချင်တာက ကိုယ့်အမျိုးထဲမှာ လုပ်တာ တော့ ပိုပြီးတော့ တိကျတယ်ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ညီအစ်ကို ကချင်တွေက သူတို့ထဲရောက်သွားရင် နာမည် တွေ ပြောင်းပေးလိုက်တာတို့၊ အဲဒီလိုမျိုးတွေ လုပ်တာရော တကယ်လို့ နောက်နောင် သမိုင်းဘာညာ လိုက်လာရင်‌ တောင်မှ မိဘက ပေးလိုက်တဲ့ နာမည်က ပျောက်သွားတယ်၊ ရှာမတွေ့တော့ဘူးပေါ့၊ လူပျောက်တာဆိုတာထက် နာမည်တွေ ပြောင်းပေးလိုက်တာတွေ ရှိတယ်ပေါ့လေ၊ အဲဒီခါကြတော့ ရှင်းရှင်းပြောရရင် သူတို့ နိုင်ငံရေးလုပ်တာ မဟုတ်ဘဲနဲ့ လူမျိုးရေးလုပ်တယ်လို့တောင် ပြောလို့ ရတာပေါ့လေ၊ အဲဒီလိုမျိုး ကချင်နာမည်တွေ ပြောင်းပေးလိုက် တာတွေ ရှိတယ်ပေါ့။ အဲဒါကြောင့်မို့ သူတို့နဲ့ ပူးပေါင်းသွားခြင်းဟာ ကျနော်တို့ အတွက်တော့ ဘာမှ ထူးထူးထွေ ထွေ အကျိုးရခြင်း မရှိဘူးပေါ့” ဟု ပြောသည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၂) လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

နာဂလူမျိုးများတွင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)ဆိုသော လက်နက်ကိုင် အဖွဲ့အစည်းရှိသလို လက်ရှိ နွေဦးတော်လှန်ရေးအရ ပေါ်ပေါက်လာသော နာဂ PDF လည်းရှိကြောင်း သိရသည်။