CNI International News

ပြုံယမ်း၊ အောက်တိုဘာ ၄

မြောက်ကိုရီးယားသည် ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံကို ဖြတ်ကျော်၍ ဒုံးကျည်တစ်စင်းကို အောက်တိုဘာ ၄ ရက် (ယနေ့) တွင် ပစ်လွှတ်ခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါဒုံးကျည်တွင် နျူကလီးယားစွမ်းအားပါဝင်ပြီး အမေရိကန်ပိုင်ဆိုင်သည့် ဂူအမ်ကျွန်းအထိ ကျော်လွန် ရောက်ရှိနိုင်သဖြင့် ဂျပန်ပြည်တွင်း၌ ဘေးလွတ်ရာ ပြောင်းရွှေ့နေကြရန် အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ရပြီး မီးရထားသွားလာမှုများ ရပ်ဆိုင်းစေခဲ့သည်။

ယခုပစ်လွှတ်မှုသည် ၂၀၂၂ ခုနှစ်အတွင်း ပြီးပြည့်စုံသော နျူကလီးယားလက်နက်ပိုင်ဆိုင်နိုင်ရေးအတွက် ဒုံးကျည် စမ်းသပ်မှုများ အရှိန်မြှင့်နေသည့် မြောက်ကိုရီးယား၏ ရန်စမှုအရှိဆုံး လက်နက်သရုပ်ပြခြင်းဖြစ်ကြောင်း အေပီက ဆက်လက်ရေးသားသည်။ ၎င်းလုပ်ရပ်သည် အမေရိကန်နှင့် မဟာမိတ်များကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် မြောက်ကိုရီးယားအပေါ် နျူကလီးယားပိုင်ဆိုင်သည့်နိုင်ငံတစ်ခုလို အသိအမှတ်ပြုစေခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းမှ ဒုံးကျည်ပစ်လွှတ်မှုအခြေအနေကို ပြောကြားနေသည့် သတင်းရုပ်သံအစီအစဉ်အား တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မီးရထား ဘူတာရုံတွင် ပြသနေစဉ်(ဓါတ်ပုံ-အေပီ)

ဂျပန်နိုင်ငံကို ဖြတ်ကျော်၍ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ခဲ့သည့် မြောက်ကိုရီးယားလုပ်ရပ်သည် အန္တရာယ် ကြီးမားလှပြီး မဆင်မခြင်ဆုံးဖြတ်ချက်ဖြစ်သဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း အမေရိကန်က ပြောကြားခဲ့သည်။

“ဒီလုပ်ရပ်ဟာ မတည်မငြိမ်ဖြစ်စေပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေနဲ့ နိုင်ငံတကာ ဘေးကင်းရေး စံနှုန်းသတ်မှတ်ချက်တွေကို မြောက်ကိုရီးယားက ပြောင်ပြောင်တင်းတင်း ဂရုမစိုက်တဲ့အကြောင်း ပြသနေပါတယ်” ဟု အမေရိကန်က ဆက်လက်ပြောကြားခဲ့သည်။

အစောပိုင်း ပစ်လွှတ်ခဲ့သော ဒုံးကျည်သည် တာလတ်အကွာအဝေး ပစ်ခတ်နိုင်မည်ဟု တောင်ကိုရီးသမ္မတ ယွန်ဆော့ရွဲက ပြောကြားခဲ့သလို ၎င်းဒုံးကျည်မှာ တာလတ်အကွာအဝေး (သို့မဟုတ်) ထို့ထက်ပို၍ ပျံသန်း ရောက်ရှိနိုင်ကြောင်း ယူဆသည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆူကာဇူဟာမာဒါ (Yasukazu Hamada) က မှတ်ချက်ချခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်း၌ Hwasong-12 တာလတ်ပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုအခြေအနေ(ဓါတ်ပုံ-အေပီ)

အကယ်၍ အောက်တိုဘာ ၄ ရက် ပစ်လွှတ်မှုတွင် တာဝေးပစ်ဒုံးကျည်ပါဝင်ပါက ထိုဒုံးကျည်သည် အမေရိကန် ပြည်တွင်းအထိ ပစ်မှတ်ထားသော လက်နက်စမ်းသပ်မှုတစ်ခုဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူများက ပြောကြသည်။

ယခုဖြစ်စဉ်ကြောင့် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး J-alert (ဂျေအာ့ထ်) အဆင့်သတိပေးချက်ကို ဂျပန် အာဏာပိုင်များက ထုတ်ပြန်ခဲ့ပြီး နိုင်ငံ၏အရှေ့မြောက်ဒေသခံများအား ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ နေကြရန် အရေးပေါ်နှိုးဆော်ခဲ့သည်။

မြောက်ကိုရီးယားသည် ဂျပန်ဘက်သို့ ယခင်ကလည်း တာလတ်ပစ် ဟွာဆောင်း (Hwasong-12) ဒုံးကျည်ကို နှစ်ကြိမ်တိုင်တိုင် ပစ်လွှတ်ခဲ့ဖူးသည်။

Source: AP