CNI International News

ပြုံယမ်း၊ ဒီဇင်ဘာ ၂၂

ဂျပန်နိုင်ငံ၏ နျူကလီးယားလက်နက် ပိုင်ဆိုင်လိုသည့် ရည်မှန်းချက်ကို ဟန့်တားသင့်ကြောင်း မြောက်ကိုရီးယား နိုင်ငံက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဂျပန်အစိုးရသည် ၎င်းတို့၏ နျူကလီးယားကင်းစင်ရေး မူဝါဒသုံးရပ်ကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု ပြောဆိုခဲ့ခြင်းက နျူကလီးယားလက်နက် ပိုင်ဆိုင်လိုသည့် ဆန္ဒအား အတိအလင်း ပြသရာရောက်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးမူဝါဒဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ သုံးသပ်ချက်ကို ကိုးကားပြီး နိုင်ငံပိုင် KCNA သတင်းဌာနက ဒီဇင်ဘာ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်က တောင်ကိုရီးယားကို နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ခွင့်ကို  အတည်ပြု ပေးခဲ့ချိန်တွင် ဂျပန်နိုင်ငံကလည်း နျူကလီးယားနှင့်ပတ်သက်သည့် မှတ်ချက်များအား တက်တက်ကြွကြွ ပြောဆို လာခြင်းဖြစ်ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)သည် အာရှမဟာ မိတ် နိုင်ငံဖြစ်သော တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ကာ သမ္မတ လီဂျေမြောင် (Lee Jae Myung) နှင့် ကုန်သွယ်ရေးဆိုင်ရာ ထိပ်သီး အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် တောင်ကိုရီးယားအား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရန် ခွင့်ပြုချက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

သမ္မတ လီဂျေမြောင်နဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ဂျပန်နိုင်ငံကမူ ၎င်းတို့သည် နျူကလီးယား လက်နက်များကို ပိုင်ဆိုင်ရန် မည်သည့်အခါမျှ ကြိုးပမ်းမည် မဟုတ် ကြောင်း ပြောကြားခဲ့သည်။

ဂျပန်သည် ဖြစ်လာနိုင်ခြေရှိသည့် ရန်စကျူးကျော်မှုများကို ဟန့်တားရန်အတွက် နျူကလီးယား လက်နက်များ ပိုင်ဆိုင်သင့်ကြောင်း ဂျပန်ထိပ်သီး လုံခြုံရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု ဒေသခံမီဒီယာများမှ  ဖော်ပြခဲ့ ပြီးနောက် ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မီနိုရူ ကီဟာရာ (Minoru Kihara) က ထိုကဲ့သို့ ငြင်းဆိုခဲ့ခြင်းဖြစ် သည်။

ဂျပန်၏ နျူကလီးယား မူဝါဒသည် ပြောင်းလဲခြင်း မရှိဘူးဟု ကီဟာရာက တိုကျိုမြို့တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သော်လည်း နျူကလီးယား လက်နက်များ ပိုင်ဆိုင်သင့်ကြောင်း ပြောကြားခဲ့ သော ဂျပန်အရာရှိ၏အကြောင်းကို အသေးစိတ် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

Source: ရိုက်တာ