CNI International News
အစ္စလာမ်မာဘက်၊ ဒီဇင်ဘာ ၂၂
ပါကစ္စတန်နိုင်ငံရှိ တောင်သူလယ်သမားများအတွက် အလွန်အရေးပါသော မြစ်အတွင်းသို့ အိန္ဒိယက ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ မြစ်ရေများ လွှတ်ပေးခဲ့သဖြင့် မြစ်ရေစီးဆင်းမှု အခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ကြောင်း ပါကစ္စတန်အစိုးရက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ထိုလုပ်ရပ်သည် ယခုနှစ်အတွင်း အိန္ဒိယအစိုးရဘက်က ရပ်ဆိုင်းထားခဲ့သည့် အဓိက မြစ်ရေစာချုပ် ပါ စည်းကမ်းချက်များကို ချိုးဖောက်ခြင်း ဖြစ်သည်ဟုလည်း ပါကစ္စတန်က စွပ်စွဲထားသည်။
ယခုနှစ်အတွင်း အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အိန္ဒိယက ပါကစ္စတန်ကို စွပ်စွဲပြစ်တင်ခဲ့ပြီးနောက် နျူကလီးယားလက်နက်များ ပိုင်ဆိုင်သည့် အိမ်နီးချင်း နှစ်နိုင်ငံကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကာ ဧပြီလတွင် အင်ဒူမြစ်ရေ သဘောတူညီချက် (Indus Water Treaty) ကို ရပ်ဆိုင်းကြောင်း အိန္ဒိယက ကြေညာခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနဲ့ပါကစ္စတန်ကြား အငြင်းပွားနေတဲ့ မြစ်ကြောင်းကိုတွေ့ရစဉ်
ပါကစ္စတန်ကမူ ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သော စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။
ထို့ပြင် ပါကစ္စတန်နိုင်ငံအတွင်းသို့ စီးဝင်နေသော မြစ်ရေစီးဆင်းမှုကို ရပ်တန့်ရန် သို့မဟုတ် လမ်းကြောင်းလွှဲရန် ကြိုးပမ်းမှုမှန်သမျှအား စစ်ကြေညာသည့် လုပ်ရပ်အဖြစ် သတ်မှတ်မည်ဟု ပါကစ္စတန်အစိုးရက ပြောကြားထား သည်။
ဒီဇင်ဘာ ၇ ရက်မှ ၁၅ ရက်အတွင်း ချီနပ် (Chenab) မြစ်ရေ စီးဆင်းမှုတွင် ပုံမှန်မဟုတ်ဘဲ ရုတ်တရက် ပြောင်းလဲ မှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း၊ ထိုအခြေအနေသည် ပြီးခဲ့သည့် ဧပြီလနှင့် မေလတို့တွင် တွေ့ရှိခဲ့ရ သည့် အခြေအနေများနှင့် ဆင်တူနေကြောင်း ပါကစ္စတန် မြစ်ရေ သဘောတူညီချက်ဆိုင်ရာ မဟာမင်းကြီးမှ အိန္ဒိယဘက်မှ တာဝန်ရှိသူထံသို့ စာရေးသား ပေးပို့ထားသည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အီရှက် ဒါး (Mohammad Ishaq Dar)က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
"မြစ်ရေစီးဆင်းမှုအတွင်း အခုလို ပြောင်းလဲမှုတွေ ရှိနေတာဟာ ပါကစ္စတန်အတွက် အလွန်စိုးရိမ်စရာ ကောင်းပါ တယ်။ ဒါဟာ အိန္ဒိယဘက်က တစ်ဖက်သတ် ရေလွှတ်ပေးနေတယ်ဆိုတာကို ပြသရာ ရောက်နေပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယနဲ့ပါကစ္စတန်ကြား အငြင်းပွားနေတဲ့ မြစ်ကြောင်းကိုတွေ့ရစဉ်
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်တောင်းခံမှုကို ချက်ချင်း တုန့်ပြန်ခြင်း မရှိသေးပေ။
"အိန္ဒိယဟာ စာချုပ်အရ လိုအပ်တဲ့ ကြိုတင် အကြောင်းကြားမှုမျိုး လုံးဝ မလုပ်ဘဲ ဒီရေတွေကို လွှတ်ပေးခဲ့တာပါ။ ဒါဟာ ရေကို လက်နက်အဖြစ် အသုံးပြုနေတဲ့သဘော ဖြစ်ပါတယ်" ဟုဒါးက ဆက်လက် ပြောကြားခဲ့သည်။
"ကျနော်တို့ရဲ့ စိုက်ပျိုးရေးရာသီ အလွန်အရေးကြီးနေတဲ့ အချိန်မျိုးမှာ အိန္ဒိယရဲ့ အခုလို ရေကို ကြိုးကိုင် ခြယ်လှယ်မှုဟာ ကျနော်တို့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ လူနေမှုဘဝတွေအပြင် စားနပ်ရိက္ခာနဲ့ စီးပွားရေး လုံခြုံမှုကိုပါ တိုက်ရိုက် ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်" ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
Source: CNA
