CNI International News

ကာရာကက်စ်၊ ဒီဇင်ဘာ ၂၂

ဗင်နီဇွဲလားနိုင်ငံ ကမ်းလွန်ရှိ နိုင်ငံတကာရေပိုင်နက်အတွင်း ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်မှ ကြားဖြတ်ဟန့်တားခဲ့ကြောင်း အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီ နိုအမ်က ဒီဇင်ဘာ ၂၀ ရက်တွင် အတည်ပြုခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဗင်နီဇွဲလားသို့ ဝင်ရောက်သည့် သို့မဟုတ် ဗင်နီဇွဲလားမှ ထွက်ခွာသော ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် ရေနံတင် သင်္ဘောများအားလုံးကို ပိတ်ဆို့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်သည် ကာရစ်ဘီယံဒေသတွင် စစ်အင်အားများ ဖြန့်ကြက်ချထားမှုနှင့်အတူ ဗင်နီဇွဲလား ကမ်းလွန်၌ မကြာသေးမီ သီတင်းပတ်များအတွင်း ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးခဲ့၍  ယခုဖြစ်စဉ်သည် ဒုတိယမြောက် ဖြစ်စဉ်ဖြစ်သည်။

ကမ်းခြေစောင့်တပ်များက ဟန့်တားခဲ့သည့် ရေနံတင်သင်္ဘောသည် ဗင်နီဇွဲလားနိုင်ငံ၏ ဆိပ်ကမ်းတွင် နောက်ဆုံး ဆိုက်ကပ်ခဲ့ကြောင်း နိုအမ်က အတည်ပြုခဲ့သည်။

ရေနံတင်သင်္ဘောကို တွေ့ရစဉ်

"အမေရိကန်က ဒေသတွင်း မူးယစ် အကြမ်းဖက်မှုတွေကို တစ်ဖက်တစ်လမ်းက ဝင်ငွေ အထောက်အကူ ဖြစ်စေ တဲ့ ပိတ်ဆို့ခံထားရတဲ့ ရေနံတွေ တရားမဝင် ရောင်းဝယ်နေတာကို ဆက်လက်ပြီး ဟန့်တားသွားမှာပါ" ဟု နိုအမ် က ပြောကြားခဲ့သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်နာ ကယ်လီ (Anna Kelly) ကလည်း ကမ်းခြေစောင့်တပ်ဖွဲ့များ ဟန့်တား ခဲ့သည့် ထိုရေနံတင် သင်္ဘောပေါ်တွင် ပိတ်ဆို့မှု ချမှတ်ခံထားရသော ရေနံများ တင်ဆောင်လာကြောင်း  ပြော ကြားခဲ့သည်။

ဗင်နီဇွဲလားအစိုးရကမူ ထိုရေနံတင်သင်္ဘောကို  အမေရိကန်က ဖမ်းဆီးမှုအား ရှုတ်ချခဲ့ပြီး ထိုလုပ်ရပ်သည် ဆိုးရွားသည့် နိုင်ငံတကာ ပင်လယ်ဓားပြမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ရေနံတွေ တင်ပို့နေတဲ့ ပုဂ္ဂလိက သင်္ဘောတစ်စင်းကို ခိုးယူမှု၊ ပြန်ပေးဆွဲမှု၊ သင်္ဘောသားတွေကို အစအန ဖျောက်ထားမှုတွေကို ဗင်နီဇွဲလားက ရှုတ်ချပါတယ်။ ဒီလုပ်ရပ်တွေကို အမေရိကန် စစ်မှုထမ်းတွေ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်" ဟု ဗင်နီဇွဲလားအစိုးရက ထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ