CNI International News
ဝါရှင်တန်၊ မေလ ၁၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်၏ ၅၁ ခုမြောက် ပြည်နယ်အဖြစ် ပြောင်းလဲရန် စိတ်ဝင်စားကြောင်း ယခုသီတင်းပတ်အတွင်း ၂ ကြိမ် ထုတ်ဖော် ပြောဆိုခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထရမ့်သည် မေလ ၁၂ ရက်က Truth Social လူမှုကွန်ရက် စာမျက်နှာတွင် တောင်အမေရိကနိုင်ငံဖြစ်သော ဗင်နီဇွဲလားမြေပုံကို အမေရိကန်အလံဖြင့် ဖုံးအုပ်ထားသည့် ပုံတစ်ပုံကို တင်ခဲ့သည်။
ပြီးခဲ့သည့် ၂၅ နှစ်တာ ကာလအတွင်း ဗင်နီဇွဲလားနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့် အမေရိကန်၏ ပြောကြားချက်များကို ဗင်နီဇွဲလား အစိုးရအရာရှိများက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလေ့ရှိသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ထရမ့်၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ် (Delcy Rodríguez) က သတင်းထောက်များကို တိုတိုတုတ်တုတ် ပြောကြားခဲ့သည်မှလွဲ၍ အစိုးရဘက်က နှုတ်ဆိတ်နေခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဗင်နီဇွဲလားအနေဖြင့် အမေရိကန်၏ ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာမည် မဟုတ်ကြောင်း ရိုဒရီဂွက်ဇ်က သတင်းထောက်များကို ပြောကြားခဲ့သော်လည်း လေသံမှာ ပြင်းထန်မှုမရှိဘဲ ပျော့ပြောင်းနေခဲ့သည်။
“ကျမတို့အနေနဲ့ ကျမတို့ရဲ့ ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ သမိုင်းကြောင်းတွေကို ဆက်လက် ကာကွယ်သွားမှာပါ” ဟု ရိုဒရီဂွက်ဇ်က ပြောကြားခဲ့သည်။
ထို့ပြင် ဗင်နီဇွဲလားနိုင်ငံသည် လက်အောက်ခံ ကိုလိုနီနိုင်ငံ မဟုတ်ဘဲ လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း လည်း ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။
ထိုအခြေအနေအရ ဗင်နီဇွဲလား ယာယီသမ္မတ ရိုဒရီဂွက်ဇ်သည် ပြည်တွင်းဖိအားများနှင့် အမေရိကန်၏ ဖိအားများကြား ဟန်ချက်ညီအောင် ထိန်းညှိပြီး ကိုင်တွယ်ဖြေရှင်းနေရပုံကို ပြသရာရောက်ခဲ့သည်။
ထရမ့်ကမူ ရိုဒရီဂွက်ဇ်၏ လုပ်ဆောင်ချက်များကို ချီးကျူးခဲ့ပြီး ရိုဒရီဂွက်ဇ်အပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သည့်အပြင် ဗင်နီဇွဲလားနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုအချို့ကိုလည်း ဖြေလျှော့ပေးခဲ့သည်။
Source: အေပီ
