CNI International News

နယူးဒေလီ၊ မေလ ၈

ပါကစ္စတန်နိုင်ငံပိုင်သည့် အခြမ်းက ကက်ရှ်မီးယားဒေသ(PoK)အတွင်းရှိ အကြမ်းဖက် Lashkar-e-Taiba နှင့် Jaish-e-Muhammad အဖွဲ့များ၏ ဌာနချုပ်များနှင့် စခန်းများကို မေလ ၇ ရက်က တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယ အရာရှိများက ပြောကြားခဲ့သည်ဟု Indian Express မှ ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို Operation Sindoor(ဆင်ဒူစစ်ဆင်ရေး)ဟု အမည်ပေးခဲ့ပြီး မေလ ၇ ရက် ဒေသစံတော် ချိန် နံနက် ၁ နာရီ ၅ မိနစ်မှ ၁ နာရီ မိနစ် ၃၀ အတွင်း ပြုလုပ်ခဲ့ကြောင်း အိန္ဒိယစစ်တပ်က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသ၏ ပါဟယ်ဂမ် (Pahalgam) မြို့တွင် အကြမ်းဖက်သမားတစ်စုက ဧပြီလ က တိုက်ခိုက်ခဲ့၍ ခရီးသွား ၂၆ ဦးသေဆုံးခဲ့သည်။

ထို့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် တရားမျှတမှု ရှိစေရန်အတွက် ဆင်ဒူစစ်ဆင်ရေးကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယစစ်တပ်မှ ဗိုလ်မှူးကြီး ဆိုဖီယာ ကူရက်ရှီ (Sophiya Qureshi) က ပြောကြားခဲ့သည်။

အိန္ဒိယတိုက်ခိုက်ခဲ့တဲ့ နေရာကို ပြသထားစဉ်

ထိုစစ်ဆင်ရေးအတွင်း အကြမ်းဖက်သမားများ၏ စခန်း ၉ ခုကို ပစ်မှတ်ထားခဲ့ပြီး အောင်မြင်စွာ တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အိန္ဒိယလေတပ်၏ တပ်မှူး ဗီယိုမီကာ ဆင်း (Vyomika Singh) သည် နိုင်ငံခြားရေးဝန်ကြီး ဗစ်ကရမ် မစ္စရီ (Vikram Misri) ၊ ဗိုလ်မှူးကြီး ကူရက်ရှီတို့နှင့်အတူ စစ်ဆင်ရေးအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် အကြမ်းဖက်စခန်းများကို နည်းပညာမြင့် လက်နက်များ အသုံးပြုပြီး ပစ်မှတ်တိကျစွာနှင့် ပတ်ဝန်းကျင်ကို အထိအခိုက် နည်းနိုင်သမျှနည်းအောင် ပစ်မှတ်များအား စနစ်တကျ ရွေးချယ်တိုက်ခိုက်ခဲ့ ကြောင်း ပြောကြားခဲ့သည်။

“ပစ်မှတ်တစ်ခုချင်းစီရဲ့ သက်ရောက်မှုဟာ သတ်မှတ်ထားတဲ့ အဆောက်အအုံ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ စခန်းတွေကိုသာ သက်ရောက်မှုရှိပြီး ပစ်မှတ်အားလုံးကို တိတိကျကျ ချေမှုန်းနိုင်ခဲ့ပါတယ်” ဟု ဆင်းက ပြောကြားခဲ့သည်။

အိန္ဒိယတိုက်ခိုက်ခဲ့တဲ့ နေရာ ၉ နေရာကို ပြသထားစဉ်

ထိုစစ်ဆင်ရေးတွင် စစ်ဘက်ဆိုင်ရာ စခန်းများကို ပစ်မှတ်ထားခဲ့ခြင်း မရှိကြောင်း၊ အိန္ဒိယသည် မိမိတို့၏ တုံ့ပြန်မှုအတွက် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့သည်ကို ပြသနိုင်ခဲ့ကြောင်း၊ သို့သော် ပါကစ္စတန်ဘက်မှ မတော်တဆ ထိခိုက်သေဆုံးမှုများ ရှိနိုင်သည့် အခြေအနေကို တုံ့ပြန်ဖြေရှင်းရန် အိန္ဒိယစစ်တပ်က  အသင့်ပြင် ထားကြောင်း၊ ထိုကဲ့သို့ မတော်တဆ သေဆုံးမှုများ ရှိခဲ့မည်ဆိုပါက တင်းမာမှုကို မြင့်တက်စေလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗိုလ်မှူးကြီး ကူရက်ရှီနှင့် လေတပ်တပ်မှူး ဆင်းတို့သည် ပါကစ္စတန်နိုင်ငံအတွင်းနှင့် PoK ဒေသရှိ အကြမ်းဖက် စခန်းများ၏ မြေပုံများနှင့် တိုက်ခိုက်မှု ဗွီဒီယိုမှတ်တမ်းများကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။

Operation Sindoor(ဆင်ဒူစစ်ဆင်ရေး)ကို ခိုင်မာသည့် ထောက်လှမ်းရေး သတင်းများနှင့် ထိုအဆောက်အအုံများ ၏ အကြမ်းဖက် လှုပ်ရှားမှုများအပေါ် အခြေခံပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး ကူရက်ရှီက ပြောကြားခဲ့ သည်။

အရပ်ဘက် အခြေခံ အဆောက်အအုံများ ထိခိုက်ခြင်း မရှိစေရန်နှင့် အရပ်သားများ ထိခိုက်သေဆုံးခြင်း မရှိစေရန် ပစ်မှတ်နေရာများကို စိစစ်ရွေးချယ်ပြီးမှ တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း ကူရက်ရှီက ပြောကြားခဲ့သည်။

Source: Indian Express