CNI International News

နယူးဒေလီ၊ မေလ ၁၃

အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး ပါကစ္စတန်စစ်တပ် အကြီးအကဲနှင့် ဆွေးနွေးမှုများသည် မေလ ၁၂ ရက် မွန်းလွဲပိုင်းအထိ နှောင့်နှေးကြန့်ကြာခဲ့ကြောင်း အိန္ဒိယစစ်တပ်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အိန္ဒိယက လေဆိပ်များကို ပြန်လည်ဖွင့်လှစ်မှုနှင့်အတူ မေလ ၁၁ ရက် ညပိုင်းက ပစ်ခတ်တိုက်ခိုက်မှုများ၊ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ပထမဆုံးအကြိမ်အဖြစ် ငြိမ်းချမ်းသည့် ညဖြစ်ခဲ့ကြောင်း အိန္ဒိယစစ်တပ်က မေလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယနှင့်ပါကစ္စတန်ကြား ၄ ရက်ကြာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အမေရိကန်၏ ဖိအားများကြောင့် မေလ ၁၀ ရက်တွင် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။

အိန္ဒိယစစ်တပ်သည် မေလ ၁၀ ရက် ပါကစ္စတန်၏ အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်အား ချိုးဖောက်မှု များနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် မေလ ၁၁ ရက်က အရေးပေါ် မက်ဆေ့ချ်တစ်ခု ပေးပို့ခဲ့သည်။

ပါကစ္စတန်စစ်တပ်ကမူ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

အိန္ဒိယစစ်တပ်ကမူ နှစ်နိုင်ငံစစ်ဆင်ရေးဌာန ညွှန်ကြားရေးမှူးချုပ်များသည် မေလ ၁၂ ရက် မွန်းလွဲပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမည်ဟု ပြောကြားခဲ့သော်လည်း ဆွေးနွေးမည့် အစီအစဉ်သည် နှောင့်နှေးကြန့်ကြာခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။

အိန္ဒိယစစ်တပ်ကိုတွေ့ရစဉ်

ထိုဆွေးနွေးမှု အကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ပါကစ္စတန်စစ်တပ်၏ မီဒီယာဌာနက ချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိပေ။

မေလ ၁၂ ရက်က အိန္ဒိယသည် ပဋိပက္ခကြောင့် ပိတ်ထားခဲ့ရသည့် လေဆိပ် ၃၂ ခုကို ပြန်ဖွင့်ခဲ့ပြီး ထိုလေဆိပ်များ တွင် အရပ်ဖက် လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲမည်ဟု ကြေညာခဲ့သည်။

ထို့နောက် ပါကစ္စတန်ကလည်း မေလ ၁၀ ရက်က ၎င်း၏ လေပိုင်နက်ကို ပြန်ဖွင့်ပေးခဲ့သည်။

ဧပြီ ၂၂ ရက်က အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် လူ ၂၆ ဦး သေဆုံးခဲ့သည်။

ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ခဲ့ကာ နှစ်နိုင်ငံတင်းမာမှုများ မြင့်တက်ခဲ့သည်။

Source: ရိုက်တာ