CNI International News

မနီလာ၊ မေလ ၁၃

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) သည် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ် (The Hague) မြို့တွင် ထိန်းသိမ်းခံထားရသော်လည်း မေလ ၁၂ ရက်က ပြုလုပ်ခဲ့သည့် သက်တမ်းဝက် ရွေးကောက်ပွဲ တွင် ကိုယ်စားလှယ်လောင်း တစ်ဦးအဖြစ် ပါဝင်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ဒူတာတေးသည် အမျိုးသားအဆင့်နှင့် ဒေသန္တရအဆင့် ရာထူးနေရာ ၁၈,၀၀၀ ကို ရွေးကောက်တင်မြှောက်သည့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်နေသဖြင့် ထိုရွေးကောက်ပွဲသည် ၎င်းနှင့် ၎င်း၏မိသားစု အတွက် နိုင်ငံရေးအာဏာအား ဆက်လက်စွဲကိုင်ရေး အဆုံးအဖြတ် ပေးလိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဒူတာတေးသည် မတ်လကတည်းက နိုင်ငံတကာရာဇဝတ်မှုတရားရုံး(ICC)တွင် ထိန်းသိမ်းခံထားရပြီး ၎င်း၏ သမ္မတသက်တမ်းဖြစ်သည့် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ အတွင်း လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှုစွဲချက်များဖြင့် တရားရင်ဆိုင်ရန် စောင့်ဆိုင်းနေသည်။

ဖိလစ်ပိုင်ဒုသမ္မတ ဆာရာဒူတာတေးကို တွေ့ရစဉ်

သို့သော်လည်း ဒူတာတေးသည် ၎င်း၏ဩဇာအာဏာ လွှမ်းမိုးထားသည့် ဒါဗောင်း (Davao) မြို့၏ မြို့တော်ဝန် ရာထူးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းစာရင်းတွင် ပါဝင်နေသည်။

ဖိလစ်ပိုင်၏ တရားဥပဒေအရ ပြစ်မှုဆိုင်ရာ စွဲချက်များဖြင့် ရင်ဆိုင်နေရသည့် ကိုယ်စားလှယ်လောင်းများသည် ထိန်းသိမ်းခံထားရသည့်တိုင် စီရင်ချက် မချမီအချိန်အထိ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည်။

ဒူတာတေးသည် သမ္မတမဖြစ်ခင်က ဒါဗောင်းမြို့တော်ဝန်အဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ တာဝန်ထမ်းဆောင် ခဲ့သဖြင့် ယခုနှစ် ရွေးကောက်ပွဲတွင်လည်း ဒါဗောင်းမြို့တော်ဝန်အဖြစ် ရွေးကောက်ခံရဖွယ်ရှိကြောင်း အများစုက ယူဆထားကြသည်။

ဖိလစ်ပိုင်သမ္မတ မားကို့စ်ကို တွေ့ရစဉ်

မေလ ၁၂ ရက်က ပြုလုပ်သည့် သက်တမ်းဝက် ရွေးကောက်ပွဲတွင် မဲပေးရန် မှတ်ပုံတင်ထားသည့် ဖိလစ်ပိုင်နိုင်ငံ သား ၆၈ သန်းကျော်သည် အထက်လွှတ်တော်၏ နေရာ ၁၂ နေရာ၊ အောက်လွှတ်တော်၏ နေရာ ၃၁၇ နေရာ၊ ပြည်နယ်များ၊ မြို့များနှင့် မြို့နယ်များ၏ ဒေသန္တရအုပ်ချုပ်ရေး ရာထူးနေရာ အသီးသီးအတွက် ကိုယ်စားလှယ် လောင်းများကို မဲပေးရွေးချယ်နေခြင်းဖြစ်သည်။

ဒူတာတေး၏ သမီးဖြစ်သည့် လက်ရှိ ဖိလစ်ပိုင်ဒုသမ္မတ ဆာရာဒူတာတေး (Sara Duterte) သည်လည်း အထက်လွှတ်တော်၏ နေရာတစ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဆာရာဒူတာတေးသည်လည်း သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr. ) အား လုပ်ကြံသတ် ဖြတ်မည်ဆိုသည့် မှတ်ချက်စကားပြောကြားမှု၊ အကျင့်ပျက်ခြစားမှုများဖြင့် ဇူလိုင်လတွင် လွှတ်တော်၌ စွပ်စွဲ ပြစ်တင်ခံခဲ့ရသည်။

Source: အေပီ