CNI International News

မနီလာ၊ အောက်တိုဘာ ၂၂

ဖိလစ်ပိုင်နိုင်ငံတွင် ဩဇာအကြီးမားဆုံး မိသားစုနှစ်စုဖြစ်သည့် မားကို့စ်မိသားစုနှင့် ဒူတာတေး မိသားစုများ အကြား သဘောထားကွဲလွဲမှုသည် ပိုမိုနက်ရှိုင်းလာကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

အောက်တိုဘာ ၁၈ ရက်က သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ၏ သမီးဖြစ်သူ လက်ရှိ ဒုသမ္မတ ဆာရာ ဒူတာတေး (Sara Duterte) က လက်ရှိသမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) ကို ဝေဖန်ခဲ့သည်။

မားကို့စ်သည် နိုင်ငံကို မည်ကဲ့သို့ အုပ်ချုပ်ရမည်ကို နားမလည်ကြောင်း ဆာရာဒူတာတေးက သတင်းထောက် များကို ပြောကြားခဲ့သဖြင့် ၂၀၂၅ ခုနှစ်တွင် ပြုလုပ်မည့် သက်တမ်းဝက် ရွေးကောက်ပွဲမတိုင်မီ ၎င်းတို့ မိသားစု ၂ စု အကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

ဇွန်လအတွင်းကလည်း ဆာရာဒူတာတေးသည် မားကို့စ်၏ အစိုးရအဖွဲ့ထဲမှ နုတ်ထွက်ခဲ့သဖြင့် တစ်ချိန်က ခိုင်မာ သည့် နိုင်ငံရေးမဟာမိတ်နှစ်ဖွဲ့အကြား အကွဲအပြဲသည် သိသာထင်ရှားလာခဲ့သည်။

မားကို့စ်နှင့် ဆာရာဒူတာတေးတို့သည် ၂၀၂၂ ခုနှစ်က ရွေးကောက်ပွဲတွင် မဟာမိတ်ဖွဲ့ပြီး ရွေးကောက်ပွဲ အနိုင်ရရှိ အောင် စွမ်းဆောင်နိုင်ခဲ့သည်။

မားကို့စ်နဲ့ ဆာရာဒူတာတေးကို တွေ့ရစဉ်

သို့သော် နောက်ပိုင်းတွင် ၎င်းတို့ မိသားစု ၂ စုအကြား တင်းမာမှုများ မြင့်တက်ခဲ့ကာ အောက်တိုဘာ ၁၈ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆာရာဒူတာတေးက "လက်ရှိ ခေါင်းဆောင်ဟာ သမ္မတတစ်ဦးလို ဘယ်လိုအုပ်ချုပ်ရမလဲဆိုတာ မသိပါဘူး" ဟု ပြောကြားခဲ့သည်။

လက်ရှိ ကြုံတွေ့နေရသည့် ငွေကြေးဖောင်းပွမှု၊ အစားအစာ မလုံခြုံမှုတို့ကဲ့သို့ ပြဿနာများသည် အစိုးရမူဝါဒများ အားနည်းမှုကြောင့် ဖြစ်ကြောင်းလည်း ဆာရာဒူတာတေးက ပြောသည်။

"အဲဒါတွေက ကျမ အပြစ်မဟုတ်ပါဘူး။ ကျမတို့အားလုံးဟာ ငရဲကိုသွားတဲ့ လမ်းပေါ်မှာ ရှိနေပါတယ်"ဟု ဆာရာ ဒူတာတေးက ပြောကြားခဲ့သည်။

ထို့နောက် မားကို့စ်သည် အစီအစဉ်မရှိဘဲ အစိုးရအဖွဲ့ကို အုပ်ချုပ်နေသည်ဟု ၎င်းက ပြောသည်။

မားကို့စ်ကမူ ဆာရာဒူတာတေး၏ ပြောကြားချက်များကို တုန့်ပြန်လိမ့်မည် မဟုတ်ကြောင်း သမ္မတဆိုင်ရာ ဆက်သွယ်ရေးအတွင်းဝန် ဆီဇာ ချာဗက်ဇ် (Cesar Chavez) က သတင်းထောက်များကို ပြောကြားခဲ့သည်။

Source: Nikkei Asia