CNI International News

မနီလာ၊ မတ်လ ၅

တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်သည် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သော်လည်း မိမိတို့၏ အချုပ်အခြာနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများ မျက်ကွယ်ပြု ခံရမည်ဆိုပါက ဆန့်ကျင်သွားမည်ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

မားကို့စ်သည် ဩစတြေးလျနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း Lowy Institute တွင် အမှာစကား ပြောကြားခဲ့ချိန် ၎င်းအနေဖြင့် တောင်တရုတ်ပင်လယ်တွင် နိုင်ငံတကာ ဥပဒေများအပေါ် အခြေခံပြီး ကျင့်ဝတ် စည်းကမ်း (CoC) တစ်ခုရေးဆွဲရန် အာဆီယံ၊ တရုတ်တို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

“အဲဒီ ကြိုးပမ်း အားထုတ်မှုတွေကို ဒီအတိုင်း ပစ်ထားလို့ မရပါဘူး။ တင်းမာမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ အထောက်အကူဖြစ်စေတဲ့ အခြေအနေဟာ CoC ဆွေးနွေးညှိနှိုင်းမှုတွေ အောင်မြင်စေဖို့ အဓိကကျပါတယ်”ဟု မားကို့စ်က ပြောသည်။

တရုတ်သင်္ဘောများကို တွေ့ရစဉ်

သို့သော် ဖိလစ်ပိုင်၏ မည်သည့် နယ်နိမိတ်ကိုမျှ ပြည်ပအင်အားစုထံ အပါခံမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ဖိလစ်ပိုင်သမ္မတအဖြစ် မားကို့စ် အာဏာရလာခဲ့ပြီးနောက် တောင်တရုတ်ပင်လယ်၏ ကျောက်တန်းများနှင့် ကျွန်းစုများအနီးတွင် တရုတ်နှင့် ဖိလစ်ပိုင် သင်္ဘောများအကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ကာ နှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်ခဲ့သည်။

ဖိလစ်ပိုင်နှင့် အမေရိကန်၏ မဟာမိတ်ဖွဲ့မှုသည် ပိုမိုခိုင်မာ တိုးတက်လာခဲ့ကြောင်း၊ မိမိတို့ မဟာမိတ် ဆက်ဆံရေး သည် ဆယ်စုနှစ်များစွာအတွင်း ဒေသတွင်းတည်ငြိမ်ရေး၏ ထောက်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း မားကို့စ်က ပြောကြားခဲ့သည်။

 တောင်တရုတ်ပင်လယ်အတွင်းက သင်္ဘောများကို တွေ့ရစဉ်

မားကို့စ်မတိုင်မီ ယခင် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) သည် တရုတ်လိုလားသည့် သဘောထားကို ပြသခဲ့သော်လည်း မားကို့စ် လက်ထက်တွင်မူ ဖိလစ်ပိုင်၏ အထူးစီးပွားရေးဇုန်အတွင်း တရုတ် သင်္ဘောများက ရန်စမှုများပြုလုပ်ခဲ့ခြင်းကြောင့် တရုတ်ကို ဝေဖန်ပြစ်တင်ခဲ့သည်။

မားကို့စ် လက်ထက်တွင် ဖိလစ်ပိုင်နိုင်ငံအတွင်း အမေရိကန်အား အသုံးပြုခွင့်ပေးသည့် စစ်စခန်း အရေအတွက်ကို နှစ်ဆမြှင့်တင်ခဲ့ပြီး ထိုစစ်စခန်းများထဲမှ သုံးခုသည် တရုတ်က ၎င်း၏ နယ်နိမိတ်ဖြစ်ကြောင်း ကြေညာထားသည့် ထိုင်ဝမ်ကျွန်းအနီးတွင် တည်ရှိသည်။

ထို့ပြင် မားကို့စ်သည် တောင်တရုတ်ပင်လယ်တွင် အမေရိကန်နှင့် ရေကြောင်း၊ လေကြောင်း ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပူးတွဲကင်းလှည့်မှုများကို တိုးမြှင့်ပြုလုပ်ခဲ့ပြီး တရုတ်ကမူ ထိုစစ်ရေး လေ့ကျင့်မှုများနှင့် ကင်းလှည့်မှုများကို ဝေဖန်ခဲ့သည်။

Source: ရိုက်တာ