CNI International News

မနီလာ၊ ဇန်နဝါရီ ၂၂ 

တောင်တရုတ်ပင်လယ်တွင် ရေပြင်နယ်နိမိတ် ပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး ကာလကြာရှည် အငြင်းပွားနေခဲ့ သည့် ဖိလစ်ပိုင်နှင့်တရုတ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာနိုင်ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။ 

ထိုင်ဝမ်အရေးသည် အမေရိကန်နှင့် တရုတ်အကြား အလှည့်အပြောင်း တစ်ခုအဖြစ် ယူဆခံထားရချိန်တွင် တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှု အငြင်းပွားသည့် ပြဿနာသည် အမေရိကန်အတွက် ပထဝီနိုင်ငံရေးအရ နောက်ထပ် ဖိအားတစ်ခုဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

လက်ရှိတွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) သည် ဂျပန်နှင့်် သြစတြေးလျ နိုင်ငံများကဲ့သို့ အမေရိကန်နှင့် ကာကွယ်ရေးကဏ္ဍ ဆက်ဆံမှုများကို တိုးမြှင့်ပြီး ဖိလစ်ပိုင်၏ ကာကွယ်ရေး စွမ်းဆောင်ရည်များအား မြှင့်တင်လျက်ရှိသည်။ 

မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်အတွင်းတွင် ကျွန်းများ တည်ဆောက်မည့် အစီအစဉ်ကို ပြောကြားခဲ့သဖြင့် တရုတ်အား ဒေါသထွက်စေခဲ့သည်။

ထိုကျွန်းများကို ဖိလစ်ပိုင်၏ နယ်နိမိတ်အတွင်း ထည့်သွင်း သတ်မှတ်မည်ဖြစ်ပြီး ထိုကျွန်းများပေါ်တွင် စစ်သား များ ဖြန့်ကြက်ချထားမည့် အစီအစဉ်ရှိကြောင်း ဖိလစ်ပိုင်းစစ်တပ် အကြီးအကဲ ရိုမီရို ဘရော်နာ (Romeo Brawner)က ပြီးခဲ့သည့် သီတင်းပတ်၌ ပြောကြားခဲ့သည်။ 

ဖိလစ်ပိုင်နဲ့ တရုတ်အားပြိုင်မှုကိုတွေ့ရစဉ်

ဖိလစ်ပိုင်သည် တရုတ်နှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် Second Thomas သောင်ခုံအနီးတွင် ၁၉၉၉ ခုနှစ် ကတည်းက စစ်သင်္ဘော အပျက်တစ်စီးကို ကျောက်ချရပ်နားထားကာ ထိုသင်္ဘောပေါ်တွင် ဖိလစ်ပိုင်စစ်သား များအား စခန်းချထားခဲ့သည်။

"ကျနော်တို့အနေနဲ့ ပိုပြီး သက်သောင့်သက်သာ ရှိစေမယ့် နေရာတွေ၊ ကျနော်တို့ စစ်သားတွေ နေထိုင်လို့ရမယ့် နေရာတွေကို ဖန်တီးပေးဖို့ ကြိုးပမ်းနေပါတယ်" ဟု ဘရော်နာက ပြောကြားခဲ့သည်။

ထို့ပြင် ဖိလစ်ပိုင်စစ်တပ်သည် စစ်သင်္ဘောများ၊ ရေဒါများ၊ လေယာဉ်များကို ထပ်မံဝယ်ယူရန် စီစဉ်နေပြီး မိမိတို့၏ နယ်နိမိတ်များအား ကာကွယ်ရန် အာရုံစိုက် လုပ်ဆောင်သွားမည်ဟု ဘရော်နာက ပြောသည်။

တရုတ်သည် နှစ်စဉ် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃ ထရီလျံရှိသည့် ပင်လယ်ကူး သင်္ဘောများ ဖြတ်သန်းသော တောင်တရုတ်ပင်လယ်၏ ရေပြင်နယ်နိမိတ် အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားသဖြင့် ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်ဝမ်တို့နှင့် နယ်မြေပိုင်ဆိုင်မှုများ အငြင်းပွားလျက်ရှိသည်။

Source: Japan Times