CNI International News

မနီလာ၊ အောက်တိုဘာ ၁၃

တောင်တရုတ်ပင်လယ်၏ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းစုအနီးတွင် တရုတ်နှင့်ဖိလစ်ပိုင် သင်္ဘောများ ထိပ်တိုက်တွေ့ခဲ့ပြီး အပြန်အလှန် ဝေဖန်ပြစ်တင်ခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အောက်တိုဘာ ၁၂ ရက် မနက်အစောပိုင်းက တရုတ်ပင်လယ်ရေကြောင်းတပ်ဖွဲ့သည် သီတူကျွန်း (Thitu Island) အနီးတွင် ဖိလစ်ပိုင် သင်္ဘောတစ်စင်းကို မီးသတ်ပိုက်ဖြင့်ထိုးပြီး ဝင်တိုက်ခဲ့သည်ဟု ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်သင်္ဘော ၃ စင်းသည် ဒေသခံ ငါးဖမ်းသမားများကို ကာကွယ်ရန် အစိုးရ၏ အစီအစဉ်ဖြင့် သီတူကျွန်း အနီးတွင် ကျောက်ချ ရပ်နားထားချိန်၌ တရုတ်သင်္ဘောများက ချဉ်းကပ်လာခဲ့ပြီး မီးသတ်ပိုက်များဖြင့် ထိုးခဲ့ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့နောက် တရုတ်သင်္ဘော တစ်စင်းက ဖိလစ်ပိုင်သင်္ဘော တစ်စင်းကို ဝင်တိုက်ခဲ့သဖြင့် ဖိလစ်ပိုင်သင်္ဘော တစ်စင်း၏ ပဲ့ပိုင်းတွင် ထိခိုက်သွားခဲ့သော်လည်း သင်္ဘောသားများ ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း ဖိလစ်ပိုင်က ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နဲ့တရုတ် သင်္ဘောချင်းထိပ်တိုက် တွေ့ဆုံစဉ်

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ကမူ ဖိလစ်ပိုင်အစိုးရ သင်္ဘောများသည် သီတူကျွန်း၏ မြောက်ဘက် ဆန်ဒီကေး (Sandy Cay) ကျောက်တန်းအနီးရှိ ရေပြင်များအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သင်္ဘောတစ်စင်းသည် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောအနီးသို့ အန္တရာယ်ကြီးစွာဖြင့် ချဉ်းကပ် လာခဲ့ခြင်းဖြစ်ပြီး သင်္ဘောချင်း တိုက်မိမှုအတွက် ဖိလစ်ပိုင်သင်္ဘောတွင် အပြည့်အဝ တာဝန်ရှိကြောင်းလည်း တရုတ်က ထုတ်ပြန်ခဲ့သည်။

မကြာသေးမီ လများအတွင်း တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နှင့် တရုတ်သင်္ဘောများကြား မကြာခဏ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့် လကလည်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတစ်စင်းသည် တရုတ်၏ ထိန်းချုပ်မှုအောက်ရှိ စကာဘိုရော့ချ် သောင်ခုံ (Scarborough Shoal) အနီးတွင် ဖိလစ်ပိုင် အစိုးရပိုင် သင်္ဘောတစ်စင်းကို မီးသတ် ပိုက်ဖြင့် ပက်ဖျန်းခဲ့သဖြင့်  လူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့သည်။

သြဂုတ်လ အတွင်းကလည်း တရုတ်ရေတပ် သင်္ဘောတစ်စင်းသည် စကာဘိုရော့ချ် သောင်ခုံအနီးတွင် ဖိလစ်ပိုင် ကင်းလှည့် သင်္ဘောကို နောက်ယောင်ခံလိုက်ချိန်တွင် အခြားတရုတ်သင်္ဘော တစ်စင်းနှင့် တိုက်မိခဲ့သည်။

Source: ရိုက်တာ