CNI International News

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂၂ 

အီရတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းတစ်ခုကို အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် လက်နက်ကိုင်အဖွဲ့ များက တိုက်ခိုက်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ် (Damascus) မြို့တော်တွင် အီရန်လက်ရွေးစင်တပ်ဖွဲ့များ နေထိုင်သည့် အဆောက် အအုံ တစ်ခုကို အစ္စရေးက ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အား လက်တုန့်ပြန်သွားမည်ဟု အီရန်က သတိ ပေးခဲ့ပြီးနောက် ထိုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် အီရတ်နှင့် အမေရိကန်နိုင်ငံသားများ ထိခိုက်နိုင်ခြေရှိကြောင်း အမေရိကန် ဗဟိုစစ်ဌာန ချုပ် (CENTCOM) က ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံရှိ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် အီရတ်ရှိ အမေရိကန်စစ်သားများ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

"အီရတ်နိုင်ငံ အနောက်ပိုင်းက အယ် အာဆက် လေတပ်စခန်း (al-Assad Airbase)ကို အီရန်က ကျောထောက် နောက်ခံပေးထားတဲ့ စစ်သွေးကြွတွေက ပဲ့ထိန်းဒုံးကျည်တွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်" ဟု CENTCOM က X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

 တိုက်ခိုက်ခံရလို့ ပျက်စီးနေစဉ်

ထိုဒုံးကျည်များနှင့် ရော့ကတ်အများစုကို လေတပ်စခန်း၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များက ကြားဖြတ် ပစ်ချနိုင်ခဲ့သော်လည်း အချို့ဒုံးကျည်များသည် လေတပ်စခန်းကို ထိမှန်မှုများ ရှိခဲ့သည်ဟုလည်း CENTCOM က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနှင့် ဟားမာ့စ်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ချိန်မှစပြီး အီရတ်နှင့် ဆီးရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်။ 

အစ္စရေးကလည်း ဂါဇာကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေချိန်တွင် ဆီးရီးယားနှင့် လက်ဘနွန်နိုင်ငံတို့ရှိ အီရန်နှင့် ဆက်နွှယ်မှုရှိသည့် လက်နက်ကိုင်အဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

အပြန်အလှန်အနေဖြင့် အီရန်က ထောက်ပံ့ပေးထားသည့် တော်လှန်ရေးဝင်ရိုးစွန်းအဖွဲ့တွင် ပါဝင်သော ယီမင် နိုင်ငံရှိ ဟူရ်သီ (Houthi)သူပုန်အဖွဲ့ကလည်း ပင်လယ်နီ (Red Sea)၌ အစ္စရေးနှင့် ဆက်နွှယ်မှုရှိသည့် ကုန်တင် သင်္ဘောများကို တိုက်ခိုက်လျက်ရှိသည်။

အစ္စရေးအနေနှင့် ဂါဇာဒေသတွင် ဆင်နွှဲနေသည့် စစ်ပွဲကို ရပ်တန့်ရန်၊ ပိတ်ဆို့ထားသော ဂါဇာဒေသအတွင်းသို့ အစားအစာ၊ ဆေးဝါးများ အပါအဝင် အရေးတကြီး လိုအပ်နေသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် ဟူရ်သီအဖွဲ့က တောင်းဆိုထားသည်။

Source: အယ်လ်ဂျာဇီးယား