CNI International News

ဝါရှင်တန် ၊ နိုဝင်ဘာ ၁၄

အမေရိကန်သည် ဆီးရီးယားနိုင်ငံအတွင်းရှိ အီရန်၏ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့နှင့် ၎င်း၏ မဟာမိတ်အဖွဲ့များ အသုံးပြုသည့် စခန်းများကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဆီးရီးယား၏ အယ်လ်ဘူ ကာမယ် (Albu Kamal) မြို့အနီးရှိ စစ်ရေး လေ့ကျင့်ရေး စခန်းတစ်ခုနှင့် မာယာဒင်း (Mayadeen) မြို့အနီးရှိ လျှို့ဝှက်စခန်းတစ်ခုကို ပစ်မှတ်ထားပြီး တိကျသေချာသည့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) က ပြောကြားခဲ့သည်။

အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့များ အဆက်မပြတ် တိုက်ခိုက်ခံနေရမှုကို တုန့်ပြန်သည့်အနေဖြင့် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု လွိုက်အော်စတင်က ပြောသည်။ 

အီရန် ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်အဖွဲ့ကို တွေ့ရစဉ်

"သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ဟာ အမေရိကန်စစ်မှုထမ်းတွေရဲ့ လုံခြုံရေးထက်ပိုပြီး ဘာကိုမှ ဦးစား မပေးပါဘူး။ အမေရိကန်ဟာ ကိုယ်ကိုယ်ကို ကာကွယ်သွားမယ်ဆိုတာကို ပြသတဲ့အနေနဲ့ ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုကို သမ္မတကိုယ်တိုင်က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်" ဟု အော်စတင်က ပြောကြားခဲ့သည်။ 

အမေရိကန်၏ တိုက်ခိုက်မှုများထဲမှ တစ်ခုသည် ဒိုင်ယာ အယ်လ်ဇော (Dier al Zor) ပြည်နယ်၏ အယ်လ်ဘူ ကာမယ်မြို့ အနောက်ပိုင်းရှိ အီရန်လိုလားသည့် လက်နက်ကိုင်အဖွဲ့များ အသုံးပြုသည့် စခန်းတစ်ခုကို ပစ်မှတ် ထားခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။

နောက်ထပ် တိုက်ခိုက်မှု တစ်ခုသည် အီရတ်နယ်စပ်အနီး မာယာဒင်းမြို့ရှိ အီရန်လိုလားသည့် လက်နက်ကိုင်အဖွဲ့ များ အသုံးပြုသော ခြေကုပ်စခန်းတစ်ခုကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ သတင်းရင်းမြစ်များကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှ ဖော်ပြခဲ့သည်။

ထိုပစ်မှတ်နှစ်ခုထဲမှ တစ်ခုသည် လက်နက်သိုလှောင်ရုံလည်း ပါဝင်ခဲ့သည်ဟု အမည်မဖော်လိုသည့် အမေရိကန် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး အေပီသတင်းဌာနက ဖော်ပြခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကိုတွေ့ရစဉ်

အောက်တိုဘာ ၇ ရက်က အစ္စရေး-ဟားမာ့စ် စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့များကို ဒေသခံလက်နက်ကိုင်အဖွဲ့များက ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုကို အဆုံးသတ်စေရန် အမေရိကန်သည် သီတင်းနှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို တတိယအကြိမ် မြောက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း အီရန်က ကျောထောက်နောက်ခံ ပြုထားသည့် လက်နက်ကိုင်များသည် အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်နှင့် ညွန့်ပေါင်းတပ်ဖွဲ့များကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် အကြိမ် ၄၀ ထက် မနည်း တိုက်ခိုက်ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား