CNI International News

ဝါရှင်တန်၊ ဇူလိုင် ၇

အရှေ့အာရှသို့ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော အီရန်ရေနံဓါတုပစ္စည်းများ တင်ပို့ရောင်းချခြင်းဖြင့် အီရန်အစိုးရသည် ရေနံပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်လိုက်သည့်အတွက် ၎င်းနှင့် ဆက်စပ်ရောင်းချရာ နိုင်ငံတကာ ကွန်ရက်များ၏ပိုင်ဆိုင်မှုများကိုပါ ဆိုင်းငံ့စေလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါပိတ်ဆို့အရေးယူမှုသည် အီရန်အစိုးရပိုင်ကုမ္ပဏီ၊ ထရေလိုင်းယန့်ကုမ္ပဏီ (Trilliance)တို့နှင့်ဆက်စပ်၍ တရုတ်နှင့်အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)တို့ကို ပစ်မှတ်ထားလုပ်ဆောင်ခြင်းဖြစ်သည်။ ထရေလိုင်းယန့်သည် ဟောင်ကောင်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး အီရန်နှင့်ဆက်ဆံမှုရှိသဖြင့် အမေရိကန်၏ ပိတ်ဆို့ အရေးယူများ ခံနေရသည်။

ဝါရှင်တန်သည် ပြီးခဲ့သည့် ဇွန်လ၌ အီရန်ရေနံဓါတုပစ္စည်းများ ထုတ်လုပ်သူများအပြင် အိန္ဒိယနှင့်တရုတ် ပွဲစားများ ကိုပါ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

အီရန်၏နျူကလီးယားအစီအစဉ်ကို ဟန့်တားရန်အတွက် ၂၀၁၅ ခုနှစ်က သဘောတူညီချက်ကို ပြန်လည် အသက် သွင်းရန် စေ့စပ်ညှိနှိုင်းနေချိန်၌ အမေရိကန်ဘက်မှ အီရန်အပေါ် ယခုကဲ့သို့ ပိတ်ဆို့အရေးယူမှုများနှင့် ဖိအားများ တိုးလာခဲ့ခြင်း ဖြစ်သည်။

 “ပူးတွဲဘက်စုံလုပ်ဆောင်ချက် အစီအစဉ်များ လိုက်နာဖို့ အပြန်အလှန်ဆွေးနွေးကြရင်း အီရန်နှင့် သဘော တူညီ ချက်တစ်ရပ်ရရှိရန် အမေရိကန်က ကတိပြုထားသော်လည်း ပိတ်ဆို့အရေးယူမှုများ ချမှတ်ရေးအတွက် မိမိတို့ အခွင့်အာဏာများကို ဆက်လက်အသုံးချသွားမည်” ဟု အဆိုပါနျူကလီးယားသဘောတူညီချက်ကို ရည်ညွှန်း လျက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

အစ္စရေးနှင့် ဆော်ဒီအာရေဗျသို့ လာမည့်သီတင်းပတ်တွင် သမ္မတဂျိုးဘိုင်ဒန်၏ ခရီးစဉ်စတင်ရန် မျှော်မှန်းထား ချိန် ဇူလိုင် ၆ ရက်၌ အထက်ပါ ထုတ်ပြန်ချက်ကြေညာချက် ထွက်ရှိလာခဲ့သည်။ အမေရိကန်သည် အီရန်၏ နျူကလီးယားခြိမ်းခြောက်မှုကို ထိန်းချုပ်ဟန့်တားရန်မှာ ၎င်း၏အစီအစဉ်များထဲ၌ ထိပ်ဆုံးတွင် ထားရှိသည်။

ထရေလိုင်းယန့်ကုမ္ပဏီ၏လုပ်ငန်းလည်ပတ်မှုတွင် စီမံခန့်ခွဲပေးသည်ဟု စွပ်စွဲခံရထားသူ အိန္ဒိယနိုင်ငံသား မိုဟာမက်ရှီဟီးရက်ခ်နော့ဒင်ဘီဟိုး (Mohammad Shaheed Ruknooddin Bhore) နှင့် တရုတ်အခြေစိုက်ပွဲစား ဂျက်ဂါအို (Jeff Gao) တို့ကိုလည်း အမေရိကန်၏ပိတ်ဆို့အရေးယူသည့်စာရင်းထဲသို့ ထည့်သွင်းခဲ့သည်။

ယခု ပိတ်ဆို့အရေးယူမှုများအရ ၎င်းတို့၏ အမေရိကန်နိုင်ငံတွင် ထားရှိသော ပိုင်ဆိုင်မှုများနှင့် အကျိုးစီးပွား အားလုံးကို ဆိုင်းငံ့စေလိုက်ပြီး အမေရိကန်အခြေစိုက် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီလုပ်ငန်းများအနေဖြင့် ၎င်းတို့နှင့် စီးပွားရေးအရ ထိတွေ့ဆက်ဆံခြင်းကိုပါ ပိတ်ပင်လိုက်ပြီဟု သိရသည်။

Source: AFP, Bangkok Post