CNI International News

ဂျေရုဆလင်၊ ဇူလိုင် ၁၅

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အစ္စရေးဝန်ကြီးချုပ် ယာယစ်လာပစ် (Yair Lapid) တို့သည် အီရန် နျူကလီးယားလက်နက် မထုတ်လုပ်နိုင်စေရန် တားဆီးရေး ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်လျက် ၎င်းတို့၏ရပ်တည်ချက်များကို ထပ်လောင်းပြောကြားခဲ့ကြကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

ဘိုင်ဒန်၏ ၄ ရက်ကြာ အရှေ့အလယ်ပိုင်းခရီးစဉ်၏ ဒုတိယနေ့တွင် အနောက်ဂျေရုဆလင်၌ ဇူလိုင် ၁၄ ရက်၊ နံနက်ပိုင်းမှာ တစ်ဦးချင်းတွေ့ဆုံခဲ့ကြပြီးနောက် ခေါင်းဆောင်နှစ်ဦးတို့သည် အဆိုပါကြေညာချက်ကို လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ကြသည်။ ထို့နောက် အိန္ဒိယနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် အွန်လိုင်းထိပ်သီးအစည်းအဝေး ကျင်းပခဲ့ကြသည်။

အီရန်အပေါ် နျူကလီးယားလက်နက်ဖြင့် ၎င်းဘာသာ လက်နက်တပ်ဆင်နိုင်စွမ်းကို ဟန့်တားရန်အတွက် အမေရိကန်၏နိုင်ငံတော်အဆင့် စွမ်းအားအလုံးစုံကို အသုံးပြုသွားမည်ဟု အဆိုပါပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေးကို အမေရိကန်၏စစ်ရေးအကူအညီ ဆက်လက်ပေးအပ်ရန် ဝါရှင်တန်က ကတိပြုကြောင်း ကြေညာချက် တွင် ဆက်လက်ဖော်ပြထားသည်။

သမ္မတဟောင်း ဘာရတ်အိုဘားမားလက်ထက် ဘိုင်ဒန် ဒုတိယသမ္မတအဖြစ် တာဝန်ယူစဉ်က အစ္စရေးကို ၁၀ နှစ် တာကာလအတွက် စံချိန်တင်အကူအညီ ဒေါ်လာ ၃၈ ဘီလီယံပေးအပ်ရေးအစီအစဉ်အား ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ယခု လက်မှတ်ရေးထိုးပြီးနောက် သတင်းစာရှင်းလင်းပွဲ ဆက်လက်ကျင်းပရာ ဘိုင်ဒန်နှင့် လာပစ်တို့က “အမေရိကန်-အစ္စရေးဆက်ဆံရေးအတွက် မိမိအတည်ပြုကြောင်းနှင့် အီရန်ထံမှ ခြိမ်းခြောက်မှုရှိနေသည်ဟု ယူဆကြောင်း” ထုတ်ဖော်ပြောကြားခဲ့ကြသည်။

“အီရန်နျူကလီးယားအစီအစဉ်ကို ရပ်တန့်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ လွတ်လပ်တဲ့ကမ္ဘာကနေ အင်အားသုံးမယ်ဆိုတာ အီရန်သိဖို့ပါပဲ” ဟု လာပစ်က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘိုင်ဒန်က “သံတမန်ဆက်ဆံရေးသည် အီရန် နျူလက်နက် မထုတ်နိုင်စေရန် တားဆီးရေး အတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ယုံကြည်သော်လည်း အစ္စရေးအတွက် လုံခြုံရေးအာမခံချက်ရှိရန် လိုအပ်ကြောင်း” ထပ်လောင်းပြောကြားခဲ့သည်။

Source: Aljazeera