CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles က မိမိကို မြန်မာနိုင်ငံကနေ ဖိအားပေး ထွက်ခွာခိုင်းနေသည် ဟု တွစ်တာ စာမျက်နှာပေါ်တွင် ရေးသားချက်သည် ဖြစ်စဉ်နှင့်ကွဲလွဲနေဟု နစက၏  နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဇူလိုင် ၁၄ ရက်) ထုတ်ပြန် ကြေညာခဲ့သည်။

Mr. Pete Vowles က နစက-က မိမိကို မြန်မာပြည်မှ ထွက်ခွာရန် ဖိအားပေးလာသည့်အတွက် စိတ်မကောင်းဖြစ်ရ ကြောင်း၊ ထို့အတူ စစ်တပ်၏ အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် ဖိအားပေးမှုအား ငြင်းဆန်နိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း ဇူလိုင် ၁၃ ရက်တွင် တွစ်တာမှာ ပြောထားသည်။

ထိုရေးသားဖော်ပြမှုသည် မှန်ကန်မှု မရှိသည့်အပြင် ဖြစ်ရပ် မှန်နှင့် ကွဲလွဲလျက်ရှိနေသည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောသည်။

 

ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles ရေးသားချက်

၎င်းက “ ဗြိတိန်အစိုးရက Mr. Pete Vowles အား မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗြိတိန်သံအ မတ်ကြီး အဖြစ် ခန့်အပ်ရန် ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် အဆိုပြုသဖြင့် မြန်မာအစိုးရက ဇွန်လ ၂၂ ရက်တွင် သဘောတူ ညီကြောင်း ပြန်ကြားခဲ့သည်။ Mr. Pete Vowles သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိခဲ့ ပြီးနောက် သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူ တစ်ဦးအနေဖြင့် သံတမန်လုပ်ထုံး လုပ်နည်းများနှင့် အညီ ၎င်း၏ ခန့်အပ်လွှာမိတ္တူကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လည်းကောင်း၊ ခန့်အပ်လွှာကို နိုင်ငံတော်အကြီးအကဲထံသို့ လည်း ကောင်း ပေးအပ်ရန်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးပြ၍ ပေးအပ်ရန် ရှောင်လွှဲခဲ့သည်”ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် နိုင်ငံရေးဝန်ကြီးဌာနက ဗြိတိန်နိုင်ငံဘက်သို့ Mr. Pete Vowles ၏ ပြည်ဝင်ဗီဇာကို ကန့်သတ်ခဲ့ကြောင်း၊ ထို အခြေအနေတွင် ဗြိတိန်နိုင်ငံဘက်က Mr. Pete Vowles အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် အဆိုပြု ထား မှုကို ရုပ်သိမ်းကြောင်းနှင့် ရန်ကုန်မြို့၊ ဗြိတိန်သံရုံး၊ သံရုံးယာယီ တာဝန်ခံအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ပြောင်းလဲ အဆိုပြု ခဲ့ရာ ၎င်းအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့်အတွက် သံရုံး ယာယီ တာဝန်ခံ ခန့်အပ်မည်ဆိုပါက ၎င်းအစား အခြား ပုဂ္ဂိုလ်တစ်ဦးအား ပြန်လည် အဆိုပြုရန်ဖြစ်ကြောင်း မြန်မာဘက်က အကြောင်း ကြားခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်

နိုင်ငံခြားရေးဝန်ကြီးဌာနက “ ယင်းနောက် Mr. Pete Vowles က ၎င်း၏ ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းရန်အတွက် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အထိ မြန်မာနိုင်ငံသို့ ဝင်ရောက်လိုကြောင်း ဗြိတိန်ဘက်မှ မေတ္တာရပ်ခံခဲ့မှုကို နိုင်ငံခြား ရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့သည့်အတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ ယခု Mr. Pete Vowles မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ခြင်းမှာ ၎င်း၏ ပြည်ဝင် ဗီဇာသက်တမ်း မကုန်ဆုံးမီ ထွက်ခွာသွားခြင်းသာ ဖြစ်သည်။ ယခုကိစ္စတွင် Mr. Pete Vowles အနေဖြင့် ခန့်အပ်လွှာ ပေးအပ်ခြင်းမပြုဘဲ မြန်မာနိုင်ငံ၌ သံအမတ်ကြီး အဖြစ် လာရောက် နေထိုင်လိုခြင်းဖြစ် ပြီး ဗြိတိန်ဘက်က သံတမန်ကျင့်ထုံး၊ ကျင့်ဝတ်တို့နှင့်အညီ ဆောင်ရွက်မှု မပြုခဲ့ခြင်းသာ ဖြစ် သည်”ဟု ပြောသည်။

ထို့နောက် မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံအနေဖြင့် သံတမန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ ခြင်းကြောင့် Mr. Pete Vowles သည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိန်အစိုးရသည် အရပ်သား အစိုးရကို ဖြုတ်ချ၍ ဒီမိုကရေစီ နည်းကျမဟုတ်သည့် အာဏာရယူခြင်းကို ဆောင်ရွက် ထားခြင်းကြောင့် နစက အဖွဲ့ဝင် တချို့နှင့် လုပ်ငန်းများကို ပိတ်ဆို့ အရေးထားသည်။