CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၂

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီ ဘလင်ကင်၏ မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု ပြောကြားချက်အား နစက-က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ ဟိုလိုကော့စ် အထိမ်းအမှတ်ပြတိုက်၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီ ဘလင်ကင်က မြန်မာ့တပ်မတော်အနေဖြင့် ဘင်္ဂါလီအသိုက်အဝန်းအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီ ဘလင်ကင်က “ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးများ အစုအပြုံလိုက် သတ်ဖြတ်ခံခဲ့ရခြင်းနောက်ပိုင်းတွင် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခြင်းအဖြစ် အမေရိကန်ပြည်ထောင်စုမှ သတ်ဖြတ် ခြင်း (၇)ကြိမ်ရှိခဲ့ပါသည်။ မြန်မာစစ်တပ်သည် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု မိမိ သတ်မှတ်ဆုံးဖြတ်ပြီးသည်ဖြစ်၍ (၈)ကြိမ်မြောက် သတ် မှတ်ခြင်းကို ယနေ့(မတ်လ ၂၁ ရက်) အတည်ပြုပါသည်”ဟု ပြောခဲ့သည်။

အဆိုပါ ထုတ်ပြန်ပြောကြားချက်အား ပြင်းထန်စွာ ကန့်ကွက်ပြီး ပြတ်သားစွာ ပယ်ချကြောင်း နစက လက်အောက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(မတ်လ ၂၂ ရက်)ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက “မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ စာချုပ်နှင့် ကုလသမဂ္ဂ၏ ပဋိညာဉ်အောက်ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ စာချုပ်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့် အညီ တည်ဆဲသက်ဆိုင်ရာ ကတိကဝတ်များကို အပြည့်အဝ လေးစားလိုက်နာလျက်ရှိကြောင်း ထပ်လောင်းအတည်ပြု သည်။ သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းစေမှုလုပ်ရပ်များ ကျူးလွန်မှု မရှိခြင်း၊ လူတစ်စုနှင့်တစ်စုဖြစ်စေ၊ လူမျိုး တစ်မျိုးကိုဖြစ်စေ၊ ဘာသာတစ်ခုနှင့် တစ်ခု ကိုးကွယ်သည့် လူမျိုးအလိုက်ဖြစ်စေ သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းတို့ မည်သည့်အခါမှ မရှိခဲ့ပါ”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

ထို့နောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်သည် ပကတိအခြေအနေမှန်များနှင့် လွန်စွာ ကင်းကွာလျက် ရှိပြီး မခိုင်လုံသော အရင်းအမြစ်များ၊ အတည်ပြုနိုင်ခြင်းမရှိသော အချက်အလက်များနှင့် မမှန်မကန် စွပ်စွဲချက်များကို ရည် ညွှန်းကိုးကားထားကြောင်း တွေ့ရှိရသည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုထားသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင် စသည့် မြို့နယ်များအတွင်းရှိ ရဲကင်းစခန်း(၃၀)ကို အာဆာ(ARSA)မှ တစ်ပြိုင်တည်း အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။ ထို့နောက် မြန်မာ့တပ်မတော်က နယ်မြေ ရှင်းလင်းရေး လုပ်စဉ် ဘင်္ဂါလီလူမျိုးများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ သိန်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ယနေ့အထိပင် ဖြစ်သည်။