CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၂

ပြည်သူများကို ကာကွယ်ရမည့် တပ်ဖွဲ့များ ဖြစ်သည့်အားလျော်စွာ နေရာဒေသပေါင်းစုံမှ ဒေသကာကွယ်ရေးတပ် (PDF) များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ တသွေးတသံတမိန့် ကွပ်ကဲမှုကို နာခံရန် လိုအပ်ကြောင်း NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ယနေ့ (မတ်လ ၂၂ ရက်) NUG က ပြုလုပ်သည့် ၄၇ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိ နွေဦးတော်လှန်ရေးမှာ ပြည်သူကာကွယ်ရေး တပ်ဖွဲ့များကို မြို့ရောတောပါမကျန် ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ အင်အားမှာ လည်း သောင်းဂဏန်း အကြီးပိုင်းကို ရောက်နေပြီဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

၎င်းက “ပြည်သူကို ကာကွယ်ရမည့်တပ်ဖွဲ့များ ဖြစ်တဲ့အားလျော်စွာ နေရာဒေသပေါင်းစုံမှ PDF တပ်ဖွဲ့တွေက အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ တသွေးတသံတမိန့် ကွပ်ကဲမှုကို နာခံပြီး ကြီးမားတဲ့ စုစည်းမှုနဲ့ ပြည်သူ့ရန်သူ မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေကို ချေမှုန်းရန်လိုပါတယ်။ အထူးသဖြင့် လက်နက်ကိုင် တပ်ဖွဲ့များဖြစ်တဲ့ အတွက် စစ်စည်းကမ်း စစ်ကျင့်ဝတ်ကို တင်းကြပ်စွာလိုက်နာပြီး ပြည်သူကို ကာကွယ်တဲ့တပ်ဖွဲ့၊ ပြည်သူ့အကျိုး သယ်ပိုးတဲ့ တပ်ဖွဲ့တွေဖြစ်အောင်နဲ့ ပြည်သူအများ လေးစားမှု ယုံကြည်မှုခံယူတဲ့ တပ်ဖွဲ့တွေဖြစ်အောင် အမြဲကြိုးစားကြရမယ်၊ ထိမ်း သိမ်းကြရမယ်ဆိုတာ သတိချပ်စေချင်ပါတယ်လို့ ပြောပါတယ်” ဟု ပြောသည်။

NUG ကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၆ ရက်က စတင်ဖွဲ့စည်း ကတည်းက မရပ်မနား ကြိုးစားလာခဲ့သည်မှာ ၁ နှစ်နီးပါး ရောက်ရှိလာ ပြီဖြစ်ကြောင်း၊ တော်လှန်သည့် တိုက်ပွဲဝင် အစိုးရဖြစ်သည့် အားလျှော်စွာ ပြည်သူလူထုအတွက် အသက်အိုးအိမ် စွန့်လွတ် ကြိုးပမ်းနေကြခြင်း ဖြစ်သည့်အတွက် လေးစားဂုဏ်ယူကြောင်း ဒူဝါလရှီးလက ပြောသည်။

ကယားပြည်နယ်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကိုတွေ့ရစဉ်

ပြည်သူများ ပါဝင်ထောက်ပံ့နေသည့် ငွေကြေးဓနအင်အားက တော်လှန်ရေးအောင်မြင်ရန် အရေးကြီးသည့် အခန်းကဏ္ဍ တစ်ခုအဖြစ် ရှိနေကြောင်း၊ ငွေတိုက်စာချုပ်ရောင်းချမှုမှာ ပြည်သူများ ပိုမိုဝယ်ယူ ထောက်ပံ့ကြရန် ဝန်ကြီးအားလုံးကို အထူးတိုက်တွန်းပေးရန် ပြောကြားလိုကြောင်း ၎င်းက ပြောသည်။

NUG ၏ လက်အောက်ခံ (သို့မဟုတ်) ပူးပေါင်းဆောင်ရွက်မှုတို့ဖြစ် လှုပ်ရှားနေသော PDF တပ်ဖွဲ့ပေါင်း ရာနှင့်ချီရှိကြောင်း၊ ထိုအဖွဲ့ပေါင်းများစွာကို NUG က စနစ်တကျ ကိုင်တွယ်ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YMB PDF)သည် တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်း သတ်ဖြတ်သည့် ဖြစ်စဉ်များကို NUG က ကိုင်တွယ်မဖြေရှင်းပေးနိုင်ဘဲ ဖြစ်နေကြောင်း၊ ထိုအခြေအနေများကို NUG က ထိန်းသိမ်းနိုင်ရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။