CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၃

အပစ်ရပ် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ထိပ်သီးညီလာခံမှ နိုင်ငံရေး အလှည့်အပြောင်းကို ကြီးမားစွာ ဖန်တီးနိုင်လိမ့်မည်ဖြစ်ကြောင်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

မတ်လ ၂၂ ရက်က PPST မှ ကျင်းပပြုလုပ်သည့် အစည်းအဝေး နိဂုံးချုပ်အမှာစကားတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “မကြာခင် လာမယ့် ကျနော်တို့ရဲ့ ထိပ်သီးညီလာခံဆိုတာကလည်း သုံးနှစ်အကြာ ကာလကြီးကို စောင့်ဆိုင်းပြီးတော့မှ ကျနော်တို့ အကြိမ်ကြိမ် ကြိုးပမ်းပြီးတော့မှ ဖြစ်လာမယ့် ဒုတိယပိုင်း ဖြစ်တဲ့အတွက် အဲဒီအတွက် လည်း ကြိုတင်ပြီးတော့ ကျနော်တို့ ဂုဏ်ယူပါတယ်။ ဒီညီလာခံဟာ ကျနော်တို့ရဲ့ နိုင်ငံရေး အလှည့်အပြောင်းတစ်ခုကို ကြီးမားစွာ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်၊ နိုင်ငံရေး အလှည့်အပြောင်းနဲ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းကို အမှီလိုက် နိုင်ဖို့အတွက်နဲ့ လိုအပ်လို့ရှိရင် ကျော်တက်၊ ကျော်လွှားသွားနိုင်ဖို့အတွက် အခင်းအကျင်းအသစ်ကို ကျနော်တို့ ပူးပေါင်း ဖန်တီး ကြရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

PPST ၏ ထိပ်သီးညီလာခံကို မတ်လ နောက်ဆုံး အပတ်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
ထို့နောက် PPST ၏ ထိပ်သီးညီလာခံအပေါ် မျှော်လင့်ချက် အမျိုးမျိုးရှိကြကြောင်း၊ သို့သော်လည်း မိမိအနေဖြင့် ညီလာခံမှ မည်သည့်ရလဒ် ထွက်လာမလဲဆိုသည်မှာ ကြိုပြောရန် ခက်ခဲကြောင်း PPST မှ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်မျိုးဝင်းက ပြော သည်။

ရဲဘော်မျိုးဝင်းက “မျှော်လင့်ချက်တွေတော့ အမျိုးမျိုး ရှိကြမှာပေါ့နော်၊ ဒါပေမယ့်လည်း ဒီညီလာခံရဲ့ Summit ရဲ့ ရလဒ်က ပြောဖို့ စောသေးတာပေါ့နော်၊ ဘာပဲပြောပြောပါ။ လက်ရှိ နိုင်ငံရေးအကျပ်အတည်း အဖြေရှာနိုင်ဖို့ အတွက်ရော၊ အခြေ အနေတွေ အထောက်အကူ ပြုနိုင်ဖို့အတွက်တော့ ကျနော်တို့ ကြိုးစားပြီးတော့မှာ ဆွေးနွေးကြမှာပဲ၊ ဒါပေမယ့် ရလဒ် ဘာထွက်မလဲဆိုတာကတော့ ကျနော်တို့ အစည်းအဝေးပြီးမှာ ပြောနိုင်မှာပါ၊ ဘာရလဒ်ထွက်မယ်ဆိုတာ ကြိုပြောဖို့တော့ ခက်မှာပေါ့” ဟု ပြောသည်။

PPST အစည်း အဝေးတစ်ခုကို တွေ့ရစဉ်

တိုင်းပြည်ပြဿနာ ဖြေရှင်းရာတွင် နစကသည် အချက် (၅) ချက်ပါသည့် လမ်းပြမြေပုံဖြင့် ဆက်လက် ချီတက်နေသလို NUG၊ CRPH ကလည်း ၎င်းတို့၏ ဖက်ဒရယ်ချာတာ၊ လမ်းပြမြေပုံဖြစ် ချီတက်နေကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြော သည်။

အလားတူ မိမိတို့ EAO များမှာ ဂုဏ်သိက္ခာရှိကြောင်း၊ တိုင်းပြည်အတွက် အရေးပါသည့် အစုအဖွဲ့ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ နိုင်ငံရေးပြဿနာများ ဖြေရှင်းနိုင်ရေး တပ်မတော်ဘက်မှ ၎င်းတို့၏ နည်းလမ်းအတိုင်း ကြိုးပမ်းနေသလို၊ မိမိတို့ PPST အနေဖြင့်လည်း နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် ဦးစားပေးအနေဖြင့် ဆောင်ရွက်နေကြောင်း ရဲဘော်မျိုးဝင်းက ပြောသည်။

၎င်းက “ဖေဖော်ဝါရီ ၁ ရက်နေ့ကနေပြီတော့ NCA အပေါ်မှာ အခြေခံတဲ့ NCA အကောင်အထည်ဖော်မှု၊ NCA ရဲ့ မူဘောင် အတိုင်း အကောင်အထည်ဖော်မှုကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတိုင်း နိုင်ငံရေးဆွေးနွေးမှုကိုတော့ ရပ်ထားတယ်၊ ဒါပေမယ့် လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက်တော့ ကျနော်တို့ ကြိုးပမ်းနေတာပေါ့၊ တပ်မတော် ဘက်ကတော့ တပ်မတော်ရဲ့ နည်းလမ်းနဲ့ သူတို့ ကြိုးပမ်းနေတာ ရှိတာပေါ့နော်၊ အဲတာကိုတော့ ကျနော်တို့ ထူးထူးထွေထွေ ပြောစရာမရှိပါဘူး။ လက်ရှိ အခြေအနေမှာတော့ အခုလိုမျိုး ကာလမှာတော့ ကျနော်တို့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက်တော့ ဦးစားပေးတယ်လို့ပဲ ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ်” ဟု ပြောသည်။

PPST ကို တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင်များဖြစ် သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဖြစ် ဖွဲ့စည်းထားသည်။