CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၅

လက်ရှိ တိုင်းပြည်၏ အခြေအနေသည် ၁၉၄၇ ခုနှစ်မတိုင်ခင် အခြေအနေသို့ ရောက်ရှိနေသည့်အတွက် မိမိတို့၏ ချင်းမျိုး နွယ်စုများကို ပြန်လည်စုစည်းကာ ချင်းပြည်ထောင်ကို ပြည်လည်အသက်သွင်းရန် ရည်မှန်းထားကြောင်း ချင်းပြည်နယ် ပူးတွဲ ကာကွယ်ရေးကော်မတီ (CJDC) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု အကြိမ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၂၁ အာဏာသိမ်းမှုမှာ အဆိုးဆုံးဖြစ်ကြောင်း CJDC မှ ဘဏ္ဍရေးအတွင်းရေးမှူး ဂျွန်က CNI သတင်းဌာနသို့ ပြောသည်။

ဂျွန်က “ဒီအချိန် ဒီအခါကတော့ ဘာပဲဖြစ်ဖြစ် ၁၉၄၇ ရဲ့ ပင်လုံအစ မတိုင်ခင်က အခြေအနေ ရောက်သွားတယ်၊ ဒီအချိန် ဒီအခါကနေ ကျနော်တို့ ကိုယ့်ရဲ့ လူမျိုးအလိုက်၊ ကိုယ့်ရဲ့ ဒေသအလိုက် ပြန်လည်စုစည်းပြီး‌‌တော့ ကျနော်တို့ကတော့ ချင်းပြည်ထောင် ကျနော်တို့ ပြန်လည်ပြီး‌တော့ အသက်သွင်းဖို့ အဲဒါလေးတွေကို ကျနော်တို့ ရည်မှန်းထားတာ ဖြစ်ပါတယ်”ဟု ပြောသည်။

လက်ရှိ မြန်မာပြည်သူ/သားများ၏ အခြေအနေသည် အသက်အိုးအိမ် စည်းစိမ်၊ ဘဝလုံခြုံမှု၊ ဝမ်းစာရေး စသည့် အခက်အခဲ များဖြင့် ကြုံတွေ့နေရကြောင်း ၎င်းက ပြောသည်။

ချင်းပြည်သူများ ဆုံးရှုံးနေသော လူမှုဘဝ ပြန်လည်ထူထောင်ရေးနှင့် ချင်းလဲန်း ပြန်လည်ထူထောင်ရေးအတွက် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ၊ ညီနောင်မဟာမိတ်များနှင့် လက်တွဲကာ စစ်ရေးအရှိန်ကို ဟန်ချက်ညီညီ မြှင့်တင်ပြီး နစက (စစ်ကောင်စီ)ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)မှ မတ်လ ၂၀ ရက်တွင် ကျရောက်မည့် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကန်ပတ်လက် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF Kanpetlet)

ထို့အတူ နိုင်ငံရေးဦးတည်ချက်၊ ယုံကြည်ချက်နှင့် ခံယူချက်တူညီသော အစုအဖွဲ့များ ပါဝင်စေလျက် အမိမြေ ချင်းလဲန်းကို ပြန်လည် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်ရာတွင် ဒေသအုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးများကို တဆင့်ချင်း အကောင်အထည်ဖော်သွားမည်ဟု ထုတ်ပြန်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ်သည် ကျေးလက်ဒေသ အများဆုံးဖြစ်ပြီး ထိုကျေးလက်ဒေသ၏ ၉၅ ရာခိုင်နှုန်းကို CJDC ၏ အုပ်ချုပ်မှုအောက် တွင် ရှိနေကြောင်း ဂျွန်က ပြောသည်။

၎င်းက “အခုကျနော်တို့ ကြားကာလ ချင်းပြည်နယ် အစိုးရဆိုတဲ့ ICNCC ပေါ့လေ၊ အဲတာလေး ကျနော်တို့ ဖွဲ့ထားတယ်၊ အဲဒီ အပြင် ပြည်သူ့အုပ်ချုပ်ရေး ပီပီပြင်ပြင် ပေါ်လာဖို့အတွက်ကိုလည်း CJDC အနေနဲ့ ပြည်သူ့အုပ်ချုပ်ရေး ပီပီပြင်ပြင်ပေါ်လာဖို့ အားပေးရမယ်၊ မဖွင့်နိုင်တဲ့ ဒေသတွေ ရှိရင်လည်း ဖွင့်နိုင်အောင် တွန်းအားပေးရမယ်ဆိုပြီးမှ ကျနော်တို့ မူချမှတ်ထားတာ ရှိ ပါတယ်၊ အခုချိန်ထိကတော့ ချင်းပြည်နယ်ရဲ့ ၉၅ ရာခိုင်နှုန်းကတော့ ကျနော်တို့ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပါတယ်။ အဲတာ ပီပီပြင်ပြင် မသွားသေးတာက တချို့ဒေသတွေမှာ ရှိရင်ရှိမှာပေါ့နော်၊ ဒါပေမယ့် အားလုံးကိုတော့ ကျနော်တို့ CJDC ရဲ့ စီစဉ်မှု အောက်မှာ အခု ICNCC ဘက်ကလည်း သူတို့ ကြိုးစားနေတဲ့ ဟာလေးတွေ ရှိတယ်၊ ကျနော်တို့ ဝိုင်းဝန်းပြီးတော့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ကိုယ့်ရဲ့ ရပ်ကျေးအဆင့်၊ ကိုယ့်ရဲ့ ကောင်ချုပ်အဆင့်နဲ့ တိုက်နယ်အဆင့်နဲ့ အခုကျနော်တို့ လုပ်နေတာ ရှိပါတယ်။ အဲဒါလေးတွေ အခု ပြင်ဆင်ရင်းနဲ့ အဲဒါလေးတွေ ကျနော်တို့ မျှော်မှန်းတဲ့ ချင်းပြည်ထောင်ကို ဦးတည်နေတဲ့ သဘောရှိပါတယ်”ဟု ပြောသည်။

လက်ရှိ ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး (CNF) ၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့နှင့် တပ်မတော် အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။