CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉

ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) အရှေ့ပိုင်းတိုင်းဌာနချုပ်ကို ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်များဖြင့် ဖွဲ့စည်းထားသည့် ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ (CJDC) က ပြော သည်။

ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA)သည် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နေခြင်းအပြင် ချင်းပြည်နယ်အတွင်းရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များကို နှောင့်ယှက် တိုက်ခိုက်နေခြင်းတို့ကြောင့် CJDC မှ ZRA (Eastern Command) ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားသည်။

CJDC သတင်းနှင့်ပြန်ကြားရေးမှ Paul က “အကြမ်းဖက်အနေနဲ့ ကျနော်တို့ သတ်မှတ်ပြီးတဲ့နောက်မှာ အကြမ်းဖက်ဆိုတဲ့ နည်းတူ ကျနော်တို့ ထိထိရောက်ရောက်ပေါ့လေ၊ ပြင်းထန်တဲ့ အရေးယူမှုတွေလည်း ဆက်ပြီးတော့မှ ဆောင်ရွက်သွားဖို့ ရှိပါ လိမ့်မယ်” ဟု ပြောသည်။

ZRA ကို မည်သည့် ပုံစံမျိုး အရေးယူမည်ကိုတော့ CJDC သတင်းနှင့်ပြန်ကြားရေးမှ Paul က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ (CJDC) ကို ချင်းအမျိုးသားတပ်ဦး(CNF)၊ ချင်းပြည်နယ် ဒေသအသီးသီးရှိ ချင်းဒေသ ကာကွယ်ရေးတပ်(CDF) အပါအဝင် အဖွဲ့ ၁၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။

CJDC ကိုတွေ့ရစဉ်

CJDC ၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ZRA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာမှာတော့ ခရီးလွန်နေ၍ ပြန်လည် ဖြေကြားပေးနိုင်ခြင်း မရှိသေးကြောင်း CNI သတင်းဌာနသို့ ပြန်လည်ဖြေကြားသည်။

လက်နက်ကိုင်အဖွဲ့များအကြား ထိုသို့ ကွဲပြားနေသည့် အခြေအနေရှိသော်လည်း မြေပြင်တွင် ချင်းမျိုးနွယ်စုများအကြား နှစ်ပေါင်းများစွာ ယှဥ်တွဲနေထိုင်လာသည့်အတွက် လူမျိုးရေးနှင့်ဆိုင်သည့် ပဋိပက္ခများ ဖြစ်ပေါ်လာစရာမရှိကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးသန်းမြိုင်က ပြောသည်။

“လူမျိုးရေးတော့ ဘာမှမရှိဘူးထင်တာပဲ ဒီလိုပဲ အတူယှဉ်တွဲနေထိုင်ကြတာပဲ၊ ကျနော်တို့ဆီမှာတော့ လောလောဆယ် အကြမ်းဖက်တယ်ဆိုတာတော့ ကျနော်တို့လည်း မတွေ့ရသေးပါဘူး” ဟု ၎င်းက ပြောသည်။

ZRO/ZRA အဖွဲ့သည် ချင်းပြည်နယ် တီးတိန်၊ တွန်းဇံမြို့နယ်များ အပါအဝင် မြန်မာ -အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ် နယ်စပ်တို့တွင် လှုပ်ရှားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းကလည်း အိန္ဒိယနယ်စပ်အနီးတွင် ZRA နဲ့ ချင်းအမျိုးသားတပ်ဦး CNF/CAN တို့ အကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။