CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၁
ချင်းပြည်နယ်၊ တွန်းဇံမြို့ကို မေလ ၂၀ ရက်တွင် ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ ခြင်းကြောင့် ချင်းပြည်နယ်၏ မြောက်ပိုင်းဒေသ တစ်ခုလုံးကို မြန်မာ့တပ်မတော်မှ ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်သည်ဟု နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။
ချင်းအမျိုးသားတပ်ဦး(CNF)၊ CDF နှင့် PDF များသည် တွန်းဇံမြို့ကို ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်တွင် တိုက်ခိုက် ထိန်းချုပ်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်တွင် ပြန်လည် ထိန်းချုပ်နိုင် ခဲ့ပြီး တွန်းဇံမြို့သိမ်းပိုက်ရေး ဧပြီ ၂၉ ရက်မှာ ထိုးစစ်ဆင်ခဲ့သည်။
အဆိုပါ ထိုးစစ်သည် မေလ ၂ ရက်တွင် သိုင်းငင်းလမ်းဆုံသို့ လည်းကောင်း၊ မေလ ၅ ရက်၌ ကနေဒီတောင်သို့ လည်းကောင်း၊ မေလ ၉ ရက်မှာ တီးတိန်မြို့သို့ လည်းကောင်း အသီးသီး ရောက်ရှိ ထိန်းချုပ်ခဲ့သည်။
ထို့ကြောင့် တီးတိန်မြို့မှာ စုအင်အား ပြန်လည် စုဖွဲ့ကာ ထိုးစစ်ကို ပြန်လည်စတင်ခဲ့ရာ မေလ ၁၁ ရက်တွင် ပွိုင့်-၁၅၀၄ သို့လည်းကောင်း၊ မေလ ၁၂ ရက်၌ မောင်ကင်ရွာနှင့် တွာလ်မူးရွာသို့ လည်းကောင်း၊ မေလ ၁၄ ရက်မှာ ဂမ် ငိုင်ရွာသို့ လည်းကောင်း၊ မေလ ၁၆ ရက်တွင် လွမ့်ဇန်ရွာနှင့် ဗျာလ်ကျင်းရွာသို့ လည်းကောင်း၊ မေလ ၁၇ ရက်၌ တပ်ဇန်ရွာသို့ လည်းကောင်း၊ မေလ ၁၉ ရက်မှာ တုံးထွောင်ရွာနှင့် ပွိုင့်-၁၉၈၅ တောင်ကုန်းသို့လည်းကောင်း ရောက်ရှိ၍ တပ်မတော်က ထိန်းချုပ်ခဲ့သည်ဟု နေပြည်တော်ဘက်မှ ထုတ်ပြန်ခဲ့သည်။

ထို့နောက် မေလ ၂၀ ရက်တွင် တွန်းဇံမြို့ကို မြန်မာ့တပ်မတော်က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။
ထို့ကြောင့် မြန်မာ့တပ်မတော်သည် ချင်းပြည်နယ်အတွင်းရှိ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံနှင့် ကျီးခါးမြို့ စသည့် ချင်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးအား ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ နယ်မြေထိန်းချုပ်မှု လုပ်လာနိုင်ခဲ့ခြင်းကြောင့် ဟားခါး-ဖလမ်း-တီးတိန်-တွန်းဇံ-ကျီးခါး လမ်းကြောင်းနှင့် ကလေး-ဖလမ်း-ဟားခါး လမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့၍ စစ်ကိုင်းတိုင်းဒေသကြီးမှ တဆင့် ချင်းပြည် နယ် မြောက်ပိုင်းမြို့များသို့ ကုန်စည်စီးဆင်းမှုများ ပုံမှန်အတိုင်း ဆောင်ရွက်နိုင်တော့မည်ဖြစ်ကာ ကုန်ဈေးနှုန်း လည်း ထိုက်သင့်သလောက် ကျဆင်းလာမည်ဖြစ်သည်။
မြန်မာ့တပ်မတော်က ၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်တွင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော တွန်းဇံမြို့သည် ဒေသတွင်း ကုန်စည်စီးဆင်းမှုအတွက် အရေးပါသော နယ်မြေဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် နယ်စပ်ကုန်သွယ်စီးဆင်းမှုအတွက် အရေးပါသည်။
တွန်းဇံမြို့နယ်၏ တောင်ဘက်တွင် တီးတိန်မြို့၊ အရှေ့ဘက်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မြောက်ဘက် နှင့် အနောက်ဘက်မှာတော့ အိန္ဒိယနိုင်ငံ၏ မဏိပူရပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်တို့ တည်ရှိသည်။
