CNI International News

တိုင်ပေ၊ မေလ ၂၁

ထိုင်ဝမ်၏ အနာဂတ်ကို ပြည်ပအင်အားစုများက မဟုတ်ဘဲ ထိုင်ဝမ်ပြည်သူများကသာ ဆုံးဖြတ်လိမ့်မည် ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်တေး(Lai Ching-te) က ၎င်း၏ လေးနှစ်တာ မေလ ၂၀ ရက်တွင် ပြောကြား ခဲ့ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်သို့ လက်နက် ရောင်းချမှုများသည် တရုတ်နိုင်ငံနှင့် ညှိနှိုင်းရာတွင် ဝှက်ဖဲတစ်ခုအဖြစ် အသုံးပြုနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က အရိပ်အမြွက် ပြောဆိုခဲ့ပြီး ရက်ပိုင်းအကြာ၌ လိုင်၏ မှတ်ချက်စကား ပေါ်ထွက်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းအား ၎င်းတို့၏ ပိုင်နက်နယ်မြေ တစ်ခုအဖြစ် အခိုင်အမာ ကြေညာထားပြီး လိုအပ် လာပါက အင်အားသုံး သိမ်းပိုက်မည်ဟုလည်း ခြိမ်းခြောက်ထားသည်။

“ထိုင်ဝမ်ရဲ့ အနာဂတ်ကို ပြည်ပအင်အားစုတွေက ဆုံးဖြတ်လို့ မရသလို အကြောက်တရားတွေ၊ သွေးခွဲမှုတွေ ဒါမှမဟုတ် ရေတို အကျိုးအမြတ်တွေရဲ့ လက်ကိုင်တုတ် အဖြစ်လည်း အဖြစ်ခံမှာ မဟုတ်ပါဘူး” ဟု လိုင်က မေလ ၂၀ ရက်တွင် ကျရောက်သည့် ၎င်း၏ သမ္မတသက်တမ်း ၂ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် မိန့်ခွန်း၌ ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် ထရမ့်အား ထိုင်ဝမ်ကို မထောက်ပံ့ ရန် တိုက်တွန်းခဲ့သည်။

ထို့နောက် ထရမ့်သည် တရုတ်ခရီးစဉ်အပြီးတွင် Fox News နှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုနှင့်  Air Force One လေယာဉ်ပေါ်၌ သတင်းထောက်များနှင့်တွေ့ဆုံချိန်မှာ ထိုင်ဝမ်သည် လွတ်လပ်ရေး မယူရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ လိုင်ချင်တေးကို တွေ့ရစဉ် 

လိုင်၏ အစိုးရအဖွဲ့ကမူ ထိုင်ဝမ် အပေါ်ထားရှိသည့် အမေရိကန်၏ မူဝါဒမှာ ပြောင်းလဲခြင်း မရှိကြောင်း၊ ထိုင်ဝမ် ကျွန်းသို့ လက်နက် ရောင်းချမှုများနှင့် ပတ်သက်ပြီး ထရမ့်သည် တရုတ်နိုင်ငံအပေါ် မည်သည့် ကတိကဝတ်မျှ ပေးခဲ့ခြင်းမရှိကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။

မိမိတို့ အစိုးရအနေဖြင့် ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်နေခြင်းသည် စစ်ပွဲကို တားဆီးရန် အတွက်သာဖြစ် ပြီး စစ်ပွဲ စတင်ရန် မဟုတ်ကြောင်း၊ ခြိမ်းခြောက်မှုများသည် ယခင်ကထက် ပိုမိုကြီးမားလာနေကြောင်း လိုင်က နှစ်ပတ်လည် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ထိုင်ဝမ်အနေနဲ့ မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိရမှာ ဖြစ်သလို ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုလည်း ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်း ရှိရပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံးကမူ လိုင်၏ မိန့်ခွန်းသည် မုသားများ၊ လှည့်စားမှုများ၊ ရန်လိုမှုများနှင့် ထိပ်တိုက် တွေ့လိုမှုများဖြင့် ပြည့်နှက်နေကြောင်း ထုတ်ပြန်ခဲ့သည်။

Source: Nikkei Asia