CNI International News

တိုင်ပေ၊ အောက်တိုဘာ ၁၂

တရုတ်သည် ထိုင်ဝမ်ကို ကိုယ်စားမပြုနိုင်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်တေ(Lai Ching-te) က ပြောကြားခဲ့ပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကဲ့သို့ ပြဿနာရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်လည်း ကမ်းလှမ်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

သမ္မတလိုင်က အောက်တိုဘာ ၁၀ ရက်တွင် တရုတ်ပြည်မကြီးနှင့်ပတ်သက်ပြီး သဘောထား တင်းမာသည့် လေသံအပြင် သဘောထား ပျော့ပြောင်းသည့် လေသံကိုလည်း လိုတိုးပိုလျှော့ ပြောကြားခဲ့သည်။

မေလက စတင် တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတလိုင်ကို တရုတ်ပြည်မကြီးအစိုးရက ခွဲထွက်ရေး သမားတစ်ဦး အဖြစ် ခေါ်ဆိုခဲ့သည်။

လိုင်က ထိုင်ဝမ်၏ တရားဝင်အမည်ဖြစ်သည့်  'တရုတ်သမ္မတနိုင်ငံ ' (ROC) ဟု သုံးနှုန်းခဲ့ပြီး တရုတ်ပြည်မကြီး ကိုမူ ၎င်း၏တရားဝင်အမည်ဖြစ်သည့်  'တရုတ်ပြည်သူ့သမ္မတနိုင်ငံ ' (PRC) ဟု သုံးနှုန်းခေါ်ဆိုခဲ့သည်။

ထိုင်ဝမ်ပြည်သူများကို တွေ့ရစဉ်

“တရုတ်သမ္မတနိုင်ငံ (ROC) ဟာ ထိုင်ဝမ်၊ ပန်ဂူ (Penghu)၊ ကင်မန်(Kinmen) နဲ့ မက်ဆု(Matsu) ကျွန်းတွေပေါ် မှာ အရင်ကတည်းက နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကျွန်းတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ရဲ့ လက်အောက်ခံတွေ မဟုတ်ပါဘူး။ ဒီမြေပေါ်မှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ဟာ တိုးတက်ကောင်းမွန် နေပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ထိုင်ဝမ်ကို ကိုယ်စားပြုပိုင်ခွင့် မရှိပါဘူး" ဟု လိုင်က ပြောကြားခဲ့ သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏နယ်နိမိတ် တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာပါက အင်အားသုံး သိမ်းယူ မည်ဟု ပြောကြားခဲ့ကာ လိုင်ကမူ ထိုင်ဝမ်ကျွန်း၏ အနာဂတ်ကို ထိုင်ဝမ်ဒေသခံများကသာ ဆုံးဖြတ်နိုင်ကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၀ ရက်တွင် လိုင်က ထိုင်ဝမ်အစိုးရနှင့် တရုတ်အစိုးရတို့အနေဖြင့် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု တိုက်ဖျက်ရေး၊ ကူးစက်ရောဂါများ တိုက်ဖျက်ရေးနှင့် ဒေသတွင်းလုံခြုံရေးကို ထိန်းသိမ်းရေးတို့တွင် အတူတကွ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

လိုင်၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး တရုတ်က ချက်ချင်းတုန့်ပြန်ခဲ့ခြင်းမရှိပေ။

ထိုင်ဝမ်ပြည်သူများကို တွေ့ရစဉ်

သို့သော် လိုင်သည် တင်းမာမှုများကို မြင့်တက်စေရန် လုပ်ဆောင်နေကြောင်း ယခုသီတင်းပတ် အစောပိုင်းတွင် တရုတ်က စွပ်စွဲခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကမူ တရုတ်သည် ထိုင်ဝမ်ကျွန်း အနီးဝန်းကျင်တွင် ပူးတွဲတိုက်ခိုက်ရေး အသင့် အနေအထားရှိမှု ကင်းလှည့်မစ်ရှင်ကို ထပ်မံလုပ်ဆောင်နေပြီး ထိုလုပ်ဆောင်မှုသည် စစ်ရေးအရ အနှောင့်အယှက် ပေးမှုဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်က ပြောကြားခဲ့သည်။

အမေရိကန်ကလည်း တရုတ်အနေဖြင့် လိုင်၏ ပြောကြားချက်များကို အကြောင်းပြပြီး ထိုင်ဝမ်အပေါ် စစ်ရေး ဖိအားများ မပေးရန် အောက်တိုဘာ ၉ ရက်က ပြောကြားခဲ့သည်။

လိုင်သည် တရုတ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် မကြာခဏ ကမ်းလှမ်းခဲ့သော်လည်း တရုတ်က ထိုကမ်းလှမ်းချက် များကို ပယ်ချခဲ့သည်။

Source: ရိုက်တာ