CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၁၂

ထိုင်းနိုင်ငံတွင် အတိတ်ကာလက ရှင်နာဝပ် (Shinawatra) မိသားစု ထူထောင်ခဲ့သည့် ပါတီများ ဖျက်သိမ်းခံခဲ့ ရသည့် အခြေအနေကဲ့သို့ လက်ရှိ အာဏာရပါတီဖြစ်သော ဖြူးထိုင်းပါတီလည်း ဖျက်သိမ်းခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု The Nation မှ ဖော်ပြခဲ့သည်။

အောက်တိုဘာ ၁၀ ရက်က ပုဂ္ဂလိက ရှေ့နေတစ်ဦးဖြစ်သည့် တီရာယွတ် ဆူဝန်ကီဆွန် ( Teerayut Suwankesorn) သည် ဖြူးထိုင်းပါတီနှင့် သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ၏ လုပ်ရပ်များသည် တော်ဝင်အသရေဖျက်မှုဥပဒေကို ချိုးဖောက်ခြင်း ရှိ/ မရှိနှင့် နိုင်ငံရေးပြင်ပမှ လူပုဂ္ဂိုလ်ဖြစ်သည့် သက်ဆင်ကို ဖြူးထိုင်းပါတီအား ထိန်းချုပ်ခွင့် ပြုထားခြင်း ရှိ/မရှိ စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ အသနားခံစာ တင်သွင်းခဲ့သည်။

ဖြူးထိုင်းပါတီ၏ လုပ်ရပ်များကို ရပ်တန့်ရန်သာ အသနားခံစာတွင် တင်ပြထားသော်လည်း ထိုအမှုအခင်းသည် ဖြူးထိုင်းပါတီ ဖျက်သိမ်းခံရမည့် အနေအထားသို့ ရောက်ရှိသွားနိုင်သည်။

တီရာယွတ်သည် လက်ရှိတွင် ထိုင်းနိုင်ငံ၏ သက်တမ်းရင့် Palang Pracharat ပါတီနှင့်အတူ လက်တွဲဆောင်ရွက် နေသည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။

တီရာယွတ် ဆူဝန်ကီဆွန်ကို တွေ့ရစဉ်

တီရာယွတ်၏ လုပ်ဆောင်ချက်သည် ထိုင်းလူထု၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး ၎င်း၏ အသနားခံစာတင်သွင်းခြင်း၏ ရည်ရွယ်ချက်အပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

တီရာယွတ်နှင့် Palang Pracharat ပါတီအကြား ဆက်နွှယ်မှုသည် အောက်တိုဘာလ အစောပိုင်းက ပေါ်ထွက် လာခဲ့သည်။ ထိုအချိန်က Palang Pracharat  ပါတီ အတွင်းရေးမှူးချုပ် ပိုင်ဘွန်း နီတိတဝမ် (Paiboon Nititawan) က ဖြူးထိုင်းပါတီ ပြိုကွဲလိမ့်မည်ဟု ၂ ကြိမ်တိုင်တိုင် ခန့်မှန်းခဲ့သည်။

တီရာယွတ်သည် တစ်ချိန်က ပိုင်ဘွန်း ထည်ထောင်ခဲ့သည့် People Reform ပါတီတွင် အမှုဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုပါတီ၏ တရားရေးအဖွဲ့တွင် အဓိကနေရာက ပါဝင်ခဲ့သည်။

ပါတီဖွဲ့စည်းပြီး တစ်နှစ်မပြည့်မီ အချိန်မှာပင် ပိုင်ဘွန်းသည် ၂၀၁၈ ခုနှစ်တွင် People Reform ပါတီကို ဖျက်သိမ်းခဲ့ပြီး Palang Pracharat ပါတီထဲသို့ ဝင်ရောက်ခဲ့သည်။

ထိုင်းတွင် အတိတ်ကာလက ရှင်နာဝပ် မိသားစုက ထူထောင်ခဲ့သည့် Thai Rak Thai ပါတီနှင့်  People's Power ပါတီများသည်လည်း ဖျက်သိမ်းခံခဲ့ရဖူးသဖြင့် လက်ရှိ တီရာယွတ်၏ တိုင်ကြားမှုသည် ရှင်နာဝပ် မျိုးဆက်ဖြစ် သော ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ဦးဆောင်သည့် ဖြူးထိုင်းပါတီသည်လည်း ဖျက်သိမ်းခံ ရမည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: The Nation