CNI International News

မနီလာ၊ အောက်တိုဘာ ၁၂

ဖိလစ်ပိုင်သည် မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများတွင် အမေရိကန်လုပ် Typhon ဒုံးကျည် စနစ်ကို အသုံးပြုခဲ့ပြီးနောက် ထိုဒုံးကျည်စနစ်အား နိုင်ငံအတွင်း ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့သည်ဟု SCMP မှ ဖော်ပြခဲ့သည်။

ထိုဆုံးဖြတ်ချက်အရ ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်တွင် စစ်အင်အား ချိန်ခွင်လျှာညှိရန်နှင့် ပြည်ပရန်မှ ကာကွယ်ရန် အာရုံစိုက် လုပ်ဆောင်မှုကို ပြသရာရောက်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

စက်တင်ဘာလကုန်ပိုင်းက အဆုံးသတ်ခဲ့သည့် ဖိလစ်ပိုင်စစ်တပ်နှင့် အမေရိကန်စစ်တပ်တို့၏ Salaknib အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်အပြီးတွင် ထိုဒုံးပစ်လောင်ချာများကို နိုင်ငံအတွင်း ဆက်လက်ထားရှိမည် ဖြစ်ကြောင်း ဖိလစ်ပိုင်ကြည်းတပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး လူဝီ ဒီမာအလာ (Louie 
Dema-ala) က အတည်ပြုခဲ့သည်။

“Salaknib စစ်ရေး လေ့ကျင့်မှုက ပြီးဆုံးသွားပါပြီ။ လက်ရှိမှာ ဖိလစ်ပိုင်စစ်တပ်ဟာ စစ်ရေးလေ့ကျင့်မှု တစ်ခုလုံး ကို အကဲဖြတ် ချင့်ချိန်တွက်ဆနေပါတယ်။ Typhon ဒုံးကျည်စနစ်တွေ ဆက်လက်ထားရှိဖို့ဟာ ဖိလစ်ပိုင်နဲ့ အမေရိကန်အကြား ပူးတွဲဆုံးဖြတ်ရမှာဖြစ်တာကြောင့် ဒီကိစ္စကို အထက်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” ဟု ဒီမာအလာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Typhon ဒုံးကျည်စနစ်ကို ထိန်းသိမ်းနေစဉ်

Mid-Range Capability (MRC) ဟုလည်း လူသိများသည့် Typhon ဒုံးကျည်စနစ်သည် မြေပြင်အခြေစိုက် ဒုံးကျည် စနစ်ဖြစ်ပြီး ကီလိုမီတာ ၂၄၀ (မိုင် ၁၅၀) အထိ ပျံသန်းနိုင်သည့် Standard Missile 6 (SM-6) ဒုံးကျည်၊ ကီလိုမီတာ ၂၅၀၀ (မိုင် ၁၅၅၀) အထိ ပျံသန်းနိုင်သော Tomahawk မြေပြင် တိုက်ခိုက်ရေး ဒုံးကျည်တို့ကို ပစ်လွှတ်နိုင်စွမ်း ရှိသည်။

ထို့ကြောင့် ထိုဒုံးကျည်များ ပစ်ခတ်ရောက်ရှိနိုင်သည့် အကွာအဝေးအတွင်း တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ် ရေလက်ကြားတို့ ပါဝင်နေသည်။

ဖိလစ်ပိုင်သည် ပြည်ပရန် ကာကွယ်ရေးကို အာရုံစိုက်ပြီး မဟာဗျူဟာတစ်ရပ် ချမှတ်လုပ်ဆောင်နေသဖြင့် Typhon ဒုံးကျည်စနစ်ကို ရရှိပိုင်ဆိုင်လိုကြောင်း အစောပိုင်းက ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ရိုမီယို ဘရော်နာ ဂျူနီယာ ( Romeo Brawner Jnr) က ပြောကြားခဲ့သည်။

Typhon ဒုံးကျည်စနစ်ကို Salaknib စစ်ရေး လေ့ကျင့်မှု၏ ပထမအဆင့်ဖြစ်သည့် ဧပြီအတွင်း ကနဦး ဖြန့်ကြက် ချခဲ့ခြင်းဖြစ်ပြီး ထိုဒုံးကျည်စနစ်ကို ဧပြီနှင့် မေလများအတွင်း ပြုလုပ်သည့် Balikatan ပူးတွဲစစ်ရေး လေ့ကျင့် မှုများတွင် အသုံးပြုခဲ့သည်။

တရုတ်ကမူ ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန်၏ Typhon ဒုံးကျည်စနစ် တည်ရှိမှုကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ပြီး အမေရိကန်သည် တောင်တရုတ်ပင်လယ်၌ လက်နက်ပြိုင်ဆိုင်မှု ဖြစ်စေရန် လှုံ့ဆော်ပေးနေကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က ဇူလိုင်လအတွင်း ဝေဖန်ပြောကြားခဲ့သည်။

Source: SCMP