CNI International News

ဘန်ကောက်၊ ဇူလိုင် ၂၆

ထိုင်းအာဏာရ ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ပါတီ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ချာလမ် ယူဘမ်ရန် (Chalerm Yubamrung) ကို ပါတီတွင်း အသုံးပြုသည့် လူမှုဆက်သွယ်ရေး အက်ပလီကေးရှင်းဖြစ်သော Line group ထဲမှ ဖယ်ရှားလိုက်ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

သို့သော် ပေတုန်တန်က ပါတီအနေဖြင့် တာဝန်ပျက်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ်များကို ပါတီတွင်းမှ ထုတ်ပယ်သော မူဝါဒမျိုးမရှိဘဲ Line Group ထဲမှသာ ဖယ်ရှားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ချာလမ်သည် ဘန်ကောက်မြို့တော် ဘန်းဘွန် (Bang Bon) ခရိုင်ရှိ ၎င်း၏နေအိမ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းအား ပါတီတွင်းမှ ထုတ်ပယ်ရန် ဖြူးထိုင်းပါတီကို စိန်ခေါ်ပြောကြားခဲ့ပြီးနောက် တစ်ရက် အကြာ၌ ပါတီတွင်း လူမှုမီဒီယာမှတစ်ဆင့် စကားပြောဆိုကြသည့် Line Group ထဲမှ ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။

ချာလမ် ယူဘမ်ရန်ကို တွေ့ရစဉ်

ချာလမ်ကမူ ၎င်းနှင့် ပေတုန်တန်၏ ဖခင်ဖြစ်သည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) အကြား ချစ်ခင်ရင်းနှီးမှုမှာ အဆုံးသတ်သွားခြင်း မရှိကြောင်းလည်း ပြောကြားခဲ့သည်။

"ချာလမ်ကို ဖြူးထိုင်းပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ အသုံးပြုတဲ့ Line Group ထဲကနေ ထုတ်ပစ်ခဲ့တာ ကျမပါ" ဟု ပေတုန်တန်က ပြောကြားခဲ့သည်။

ထို Group ထဲတွင် share သည့် အကြောင်းအရာများသည် အလွန်အတိမ်းအစောင်း မခံနိုင်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ပေတုန်တန်က သူသည် ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များအတွက် ပါတီ၏ အစီအစဉ်များနှင့် အခြား အရေးကြီးသည့် အချက်အလက်များကို ပေးပို့ရန် Line အက်ပလီကေးရှင်းကို အသုံပြုပြီး Group ဖွဲ့ ထားခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

ချာလမ်၏ သားဖြစ်သူ ဝမ်ယူဘမ်ရန်ကို တွေ့ရစဉ်

ချာလမ်၏ သတင်းစာ ရှင်းလင်းပွဲတွင် ပါတီကို စိန်ခေါ်သည့် စကားများ ပြောကြားခဲ့သည့်အတွက် ချာလမ်ကို ထို Group ထဲတွင် ဆက်ထားပါက ပါတီ၏ အခြားလွှတ်တော် ကိုယ်စားလှယ်များအကြား မကျေနပ်မှုများ ဖြစ်လာ မည်ကို စိုးရိမ်ကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။

ချာလမ်၏ သားဖြစ်သူ ဝမ် ယူဘမ်ရန် (Wan Yubamrung) သည်  ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် ပက်သမ် သာနီ (Pathum Thani) မြို့ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းကို ထောက်ခံခဲ့သဖြင့် ပေတုန်တန်က ဝမ်ကို တရားဝင် အပြစ်တင်ဆုံးမခဲ့ပြီးနောက် ၎င်းတို့၏ မိသားစုနှစ်စုအကြား ဆက်ဆံရေးများ ယိုယွင်းခဲ့သည်။

ဝမ်သည် ပြီးခဲ့သည့် သီတင်းပတ်က ဖြူးထိုင်းပါတီမှ နုတ်ထွက်သွားခဲ့ပြီး ဇူလိုင် ၂၃ ရက်တွင် ပါလန်း ပရာချာရက် (Palang Pracharath) ပါတီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝန်နှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ ကာ ထိုပါတီသို့ ဝင်ရောက်ကြောင်း ကြေညာခဲ့သည်။

Source: The Nation