CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅

စစ်ရေးအပြင်းအထန် ဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဘယ်လိုအခြေအနေ ရှိနေသလဲ ဆိုသည့် အပေါ် နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်များက သုံးသပ်လျက်ရှိနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို.ရှိ မြန်မာ့တပ်မတော်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ယနေ့ (ဇူလိုင် ၂၅ ရက်နေ့) နံနက် ၄ နာရီမှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “မှန်ကန်မှု မရှိပါ။ လားရှိုးမြို့အချို့ အစွန်ရပ်ကွက်များသို့ သောင်းကျန်းသူများ စိမ့်ဝင်လာ၍ လိုက်လံရှင်းလင်းနေ” ဟု ထုတ်ပြန်ပြောကြားထားသည်။

လက်ရှိတွင်လည်း လားရှိုးမြို့အတွင်း လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ နှစ်ဖက်တိုက်ခိုက်မှုများ ရှိနေကြောင်း သိရသည်။

MNDAA အနေဖြင့် ယခု ဇူလိုင်လကုန်အထိ အပစ်အခတ် ရပ်စဲထားသည်ဟု ကြေညာထားသော်လည်း အောက်ခြေတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်

၎င်းက “အခုကတော့ တရုတ်ရဲ့ ဖိအားကြောင့် MNDAA နဲ့တော့ တရားဝင် လားရှိုးတိုက်ပွဲကို အင်ကြီး အားကြီးနဲ့ ဆက်ပြီးတော့ တိုက်ဖို့အတွက် အကန့်အသတ် ဖြစ်သွားတာပေါ့၊ ဒါပေမဲ့ အောက်ခြေမှာကတော့ လားရှိုးကို ဝန်းရံ ထားတဲ့ တပ်တွေနဲ့ နောင်ချိုဖက်မှာ လှုပ်ရှားနေတဲ့ TNLA ရဲ့ တိုက်ပွဲတွေလည်း ဆက်လက်ရှိနေမှာ ဖြစ်တဲ့အတွက် ဗမာပြည်ရဲ့ စစ်ရေးလှုပ်ရှားမှုဟာ ပိုပြီးတော့ ပြင်းထန်လာစရာပဲ ရှိတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်” ဟု ပြော သည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ တစ်ကြော့ပြန် တိုက်ပွဲများ စတင်ဖော်ဆောင်ခဲ့ပြီး လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးတို့တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သော ကျောက်မဲမြို့တွင် တိုက်ပွဲငြိမ်နေသည်မှာ ၃ ရက်ရှိပြီဖြစ်ကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုရှိနေကြောင်း၊ ကျောက်မဲမြို့ခံ ၉၀ ရာခိုင်နှုန်းမှာ ဘေးလွှတ်ရာသို့ တိမ်းရှောင်သွားပြီ ဖြစ်ကြောင်း ကျောက်မဲဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “လက်ရှိအနေအထားက ငြိမ်နေတာ ၃ ရက်ရှိပြီ။ အနေအထားကလေ။ ၃ ရက်ရှိပြီ မြို့ထဲ(ကျောက်မဲ)မှာ တိုက်ပွဲမဖြစ်တာ၊ တပ်နဲ့ ကျန်နေတဲ့ ၅၀၁၊ ၅၀၂ အဲဒီလိုမျိုး အဲဒီတပ်နဲ့ပဲ လှမ်းပစ်တာတွေ ဖြစ်ကြတာ။ မြို့ပြင်မှာ ပေါ့၊ မြို့တွင်းမှာတော့ လောလောဆယ် မရှိကြဘူး။ ကျနော်မနေ့က အခြေအနေအထိ သိထားတဲ့ အခြေအနေ ဖြစ်တယ်၊ ဒီနေ့(ဇူလိုင် ၂၅ ရက်)မနက်တော့ ကျနော် မသိရသေးဘူး” ဟု ပြောသည်။

ညီနောင်မဟာမိတ်တို့ ဆင်နွှဲခဲ့သည့် ၁၀၂၇ ဒုတိယလိုင်းတွင် နောင်ချို၊ စဉ့်ကူး၊ မိုးကုတ်မြို့ကို TNLA နှင့် ပူးပေါင်း တပ်များက တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ထုတ်ပြန်ထားပြီး အဆိုပါကိစ္စတွင် နစကဖက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသည်ကို တွေ့ရသည်။

TNLA နှင့် MNDAA ကို တိုက်ပွဲရပ်စဲရန် တရုတ်က အကြီးအကျယ် ဖိအားပေးနေကြောင်း၊ တိုက်ပွဲမရပ်ပါက မြန်မာ့တပ်မတော်ကို ထိရောက်သည့် လက်နက်အကူအညီများ ပေးမည်ဖြစ်သလို TNLA နှင့် MNDAA ခေါင်းဆောင်များကို တရုတ်က အရေးယူမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုလကုန်ပိုင်းတွင် တိုက်ပွဲများ ရပ်သွား နိုင်ကြောင်း၊ TNLA နှင့် MNDAA တို့သည် တိုက်ပွဲမရပ်ခင် ရသလောက် တိုက်ယူနေသည့် အနေအထားဖြစ်နိုင် ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။