CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၀
ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) သည် အာရက္ခတပ်တော် AA ထက်စောပြီး မြန်မာ့တပ်မတော်နှင့် သဘောတူချက် ပိုရနိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့တပ်မတော်သည် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အနက် ကိုးကန့်တပ်၊ တအာင်းတပ်တို့ကို တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် တွေ့ဆုံဆွေးနွေးကာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးထားနိုင်ပြီဖြစ်သော်လည်း AA နှင့်မူ တွေ့ဆုံနိုင်ရေး အချိန်ကြာနိုင်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “AA ကတော့ လောလောဆယ် တရုတ်နဲ့လည်း အလှမ်းဝေးတယ်၊ တရုတ် ဖိအားကလည်း သူ့ဆီ မရောက်ဘူး။ နောက်ပြီးတော့ သူက အိန္ဒိယတို့ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ထွက်ပေါက် ဖြစ်နေတော့ သူကတော့ နည်းနည်းတော့ အချိန်ကြာနိုင်တယ်။ ရွေးကောက်ပွဲလွန်မှ ဖြစ်နိုင်တယ် ဒီကိစ္စတွေက။ မြောက်ပိုင်းကတော့ လမ်း ပွင့်ရေးနဲ့ မြောက်ပိုင်းတစ်ခွင် ရွေးကောက်ပွဲ ဖြစ်နိုင်အောင် ကြိုးစားတဲ့နေရာမှာ အခု စာချုပ်ကလည်း အရေးကြီး ပါတယ်။ သူတို့ ၂၉ ရက်နေ့ သုညနာရီပေါ့။ သန်းခေါင်ယံ ကနေစပြီး ရောက်တဲ့နေရာမှာ အပစ်ရပ်ကြမယ်ဆိုတာ ကောင်းတဲ့ လက္ခဏာပါပဲ။ မြို့ရွာတွေ အပျက်အစီး၊ အသေအပျောက် လူထုတွေအများကြီး သက်သာတာပေါ့။ မဟုတ်ရင် ဘယ်လိုပဲတိုက်ယူနေ ဗုံးဒဏ်နဲ့ဆို နေ့တိုင်းလူတွေက သေနေကြရတာ။ ဒါကြောင့် တစ်ဖက်က ဗုံး မကြဲဘူး။ တစ်ဖက်ကလည်း မြို့တွေကနေ ဆုတ်ပေးမယ်ဆိုရင် ဒါအဆင်ပြေပါတယ်။ အဲဒီလိုဟာမျိုးက တဖြေး ဖြေးနဲ့ တခြားအဖွဲ့တွေလည်း လိုက်လာမှာပါ။ ဥပမာ KIO တို့လိုက အရင်လာနိုင်ပါတယ်။ KIO နဲ့ AA ဆိုရင် KIO က အရင် သဘောတူချက် ပိုရနိုင်ပါတယ် ကြည့်ရတာတော့။ AA က နည်းနည်း နောက်ကျမယ် ထင်ပါတယ်။ သူ့ရဲ့ လုပ်ပုံကိုင်ပုံတွေ” ဟု ပြောသည်။

TNLA ခေါင်းဆောင် တချို့ကို တွေ့ရစဉ်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) မတိုင်ခင် နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်း KIA နှင့် မြန်မာ့တပ်မတော်တို့ တွေ့နိုင်ခြေရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ထားကြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် ကိုးကန့် (MNDAA)တို့ အပစ်ရပ်ထားကြသော်လည်း တအာင်း တပ် (TNLA) နှင့် တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကူမင်းမြို့မှာ မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့်အဖွဲ့နှင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ် ဂျား ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် (၉)ကြိမ်မြောက်ဖြစ်ပြီး နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာ ၂၉ ရက် တွင် စတင် အသက်ဝင်ကြောင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကာ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ တအာင်း တပ်များ ပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။

MNDAA ခေါင်းဆောင် တချို့များကို တွေ့ရစဉ်
လက်ရှိတွင် မြန်မာနိုင်ငံမြောက်ပိုင်း၌ စစ်ရေးမှာ ငြိမ်သက်လျက်ရှိပြီး ရွေးကောက်ပွဲ လုံခြုံရေးအတွက် အလယ် ပိုင်း ဒေသများသို့ စစ်ရေးသွားနိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်ဆယ်တော့ မြောက်ဘက်မှာ ငြိမ်နေတယ်။ ဗမာပြည်အလယ်ပိုင်းပေါ့ မကွေး၊ စစ်ကိုင်း၊ မန္တလေးပေါ့ အဲဒီဘက်တွေ သွားနိုင်ပါတယ်။ ဘာကြောင့်ဆို အဲဒီမှာလည်း ဆူညံပူညံနဲ့ ဖြစ်မယ့်နေရာတွေ ရှိပါ တယ်။ အုပ်ချုပ်ရေးသမားတွေ၊ ကာကွယ်ရေးသမားတွေ၊ အမျိုးမျိုးအဖုံဖုံ ပြည်သူလူထုနဲ့ ပြဿနာ ရှိတဲ့လူတွေ ရှိတယ်။ ပြည်သူလူထုနဲ့ ယုံကြည်မှုရတဲ့ အဖွဲ့တွေလည်း ရှိတယ်။ အဲဒီလို များနေတော့ အဲဒီဘက်တွေကိုလည်း ရွေးကောက်ပွဲ လုံခြုံရေးအတွက်လည်း မြှားဦးလှည့်နိုင်ပါတယ် ကြည့်ရတာတော့” ဟု ပြောသည်။
ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) တို့နှင့် အပစ်ရပ်ထားပြီးနောက် ရခိုင်ပြည်နယ်က ဒေသအချို့ကို လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လာကြောင်း AA က အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်က နိုင်ငံတစ်ဝန်းရှိ ၆၃ မြို့နယ်ကို အောက်တိုဘာ ၃၁ ရက်အထိ ရက်ပေါင်း ၉၀ အရေးပေါ် အခြေအနေကြေညာခဲ့ပြီးနောက် ထပ်မံ၍ ရက်ပေါင်း ၉၀ သက်တမ်း ထပ်တိုးထားသည်။
ထိုထဲတွင် တအာင်းတပ် (TNLA) နှင့် အပစ်ရပ်ချိန် မြို့မှဆုတ်ခွာမည်ဟု သဘောတူညီချက်ရခဲ့သည့် မိုးကုတ်နှင့် မိုးမိတ်မြို့တို့သို့ အရေးပေါ် အခြေအနေ ဆက်ကြေညာထားပြီး ထိုမြို့များတွင် ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင် ခွင့်နှင့် တာဝန်များအတိုင်း ဆက်ကျင့်သုံး ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။
