CNI International News
အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၁၀
ဟစ်ဇ်ဘိုလာအဖွဲ့ကို အီရန်က ထောက်ပံ့ပေးနေမှုအား ဖြတ်တောက်ရန် အချိန်ကျပြီဟု အမေရိကန်အစိုးရအဖွဲ့မှ ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်အနေဖြင့် လက်ဘနွန်နိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေကို အခွင့်ကောင်းယူပြီး ဟစ်ဇ်ဘိုလာ အဖွဲ့အား ထောက်ပံ့ပေးနေသည့် အီရန်၏ ငွေကြေးထောက်ပံ့မှုကို ဖြတ်တောက်ရန်နှင့် ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက်ဖြုတ်သိမ်းရန် ကြိုးပမ်းနေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေး ထောက်လှမ်းရေးဆိုင်ရာ ဒုဝန်ကြီး ဂျွန်ဟာလေ (John Hurley) က ပြောကြားခဲ့သည်။
နိုဝင်ဘာ ၇ ရက်က ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ဟာလေက အီရန်သည် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့်တိုင် ယခုနှစ်အတွင်း ဟစ်ဇ်ဘိုလာအဖွဲ့ကို ဒေါ်လာ ၁ ဘီလျံခန့် ထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် အီရန်၏ နျူကလီးယား စီမံကိန်းနှင့် လက်ဘနွန် အပါအဝင် ဒေသတွင်း ဩဇာလွှမ်းမိုးမှုကို ရပ်တန့်ရန် အဆုံးစွန် ဖိအားပေးသည့် အစီအစဉ်ကို လုပ်ဆောင်ခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေး ထောက်လှမ်းရေးဆိုင်ရာ ဒုဝန်ကြီး ဂျွန်ဟာလေကို တွေ့ရစဉ်
လက်ရှိတွင် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့သည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် အစ္စရေးနှင့် စစ်ပွဲဖြစ်ပွားခဲ့သဖြင့် စစ်အင်အား လျော့နည်းလာကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း အမေရိကန်သည် ဟစ်ဇ်ဘိုလာအဖွဲ့ကို ငွေကြေး ထောက်ပံ့ပေးရာတွင် ကူညီပေး ရန်အတွက် ငွေကြေးလဲလှယ်သည့် စင်တာများအား အသုံးပြုခဲ့သည်ဟု သံသယရှိရသူ ၂ ဦးကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
“လက်ရှိအချိန် လက်ဘနွန်ရဲ့ အခြေအနေကတော့ အဲဒီလိုပါပဲ။ ကျနော်တို့အနေနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက် ဖြုတ်သိမ်း နိုင်ခဲ့မယ်ဆိုရင် လက်ဘနွန်ပြည်သူတွေဟာ သူတို့နိုင်ငံကို သူတို့ ပြန်ပြီး ပိုင်ဆိုင်သွားပါလိမ့်မယ်”ဟု ဟာလေက ပြောသည်။

ဟစ်ဇ်ဘိုလာ ခေါင်းဆောင်တစ်ဦး သတင်းစာရှင်းလင်းပွဲလုပ်နေစဉ်
ဟစ်ဇ်ဘိုလာအဖွဲ့အား လက်နက် ဖြုတ်သိမ်းစေရန် အဓိကကျသည့် အချက်မှာ အီရန်၏ ဩဇာလွှမ်းမိုးမှုကို လျှော့ချရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့အား ငွေကြေးထောက်ပံ့မှုများကို ရပ်တန့်ရေးဖြစ်ကြောင်း ဟာလေက တူရကီ၊ လက်ဘနွန်၊ ယူအေအီးနှင့် အစ္စရေးနိုင်ငံများသို့ သွားရောက်သည့် ခရီးစဉ်အတွင်း အစ္စတန်ဘူလ် (Istanbul) သို့ ရောက်ရှိချိန်တွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် အီရန်သည် တရုတ်၊ ရုရှားနှင့် ယူအေအီး အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးများ ပိုမိုနီးစပ်လာခဲ့သည်။
အမေရိကန်၏ မဟာမိတ်ဖြစ်သည့် အစ္စရေးကမူ ဟစ်ဇ်ဘိုလာအဖွဲ့သည် လွန်ခဲ့သည့်နှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူထားသည့်တိုင် လက်ဘနွန်တွင် စစ်အင်အားကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
