CNI International News
မက္ကဆီကိုစီးတီး၊ နိုဝင်ဘာ ၁၁
မြို့တော်ဝန် လုပ်ကြံခံရပြီးနောက် မက္ကဆီကိုနိုင်ငံ မီချိုအာကန် (Michoacan) ပြည်နယ်တွင် စစ်တပ်နှင့် လုံခြုံရေး အင်အားကို တိုးမြှင့်သွားမည်ဟု မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘမ်း (Claudia Sheinbaum) က ကြေညာခဲ့ ကြောင်း DW သတင်းဌာနမှ ဖော်ပြခဲ့သည်။
မီချိုအာကန်ပြည်နယ်၊ အူရူအာပန် (Uruapan) မြို့တွင် နိုဝင်ဘာ ၁ ရက်က မြို့တော်ဝင် ကားလို့စ် မန်ဇို (Carlos Manzo) လုပ်ကြံ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး လူထုကြား ဒေါသများ မြင့်တက်ခဲ့ပြီးနောက် သမ္မတ ရှိန်းဘမ်း၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းက အူရူအာပန်မြို့တော်ဝန် လုပ်ကြံ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ကျမတို့ နာကျင်ခံစားရသလို ဒေါသလည်း ထွက်ခဲ့ရပါတယ်။ သူ့ကို သတ်သွားတဲ့ သူရဲဘောကြောင်တဲ့ လူသတ်သမားဟာ မီချိုအာကန် ပြည်နယ်နဲ့ တစ်နိုင်ငံလုံးက လူတွေကို နာကျင်ခံစားစေခဲ့ပါတယ်”ဟု ရှိန်းဘမ်းက ပြောကြားခဲ့သည်။
မီချိုအာကန်ပြည်နယ် ငြိမ်းချမ်းရေးနှင့် တရားမျှတရေး အစီအစဉ်၏ အဓိက အချက်တစ်ခုမှာ ထိုပြည်နယ်တွင် စစ်တပ်အင်အားနှင့် အမျိုးသားအစောင့်တပ်အင်အားကို ၁၀,၃၀၀ အထိ တိုးမြှင့်ရန်ဖြစ်သည်။

လုပ်ကြံသတ်ဖြတ်ခံရတဲ့ မြို့တော်ဝင် ကားလို့စ် မန်ဇို အလောင်းကို သယ်ဆောင်နေကြစဉ်
ထိုအစီအစဉ်အရ မီချိုအာကန်ပြည်နယ်သို့ နိုဝင်ဘာ ၁၀ ရက်တွင် နောက်ထပ် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀၀ နီးပါး စေလွှတ်သွားမည်ဟု ရှိန်းဘမ်းက ပြောသည်။
ဖက်ဒရယ်တပ်ဖွဲ့များ၏ တာဝန်မှာ ရာဇဝတ် အဖွဲ့အစည်းများကို တိုက်ဖျက်ရေး၊ ခြိမ်းခြောက်မှုများကို နှိမ်နင်းရေး၊ မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းများနှင့် လေ့ကျင့်ရေး စခန်းများကို ဖျက်ဆီးရေးတို့ ဖြစ်ကြောင်း မက္ကဆီကို အရာရှိများ က ပြောကြားခဲ့သည်။
ထိုအစီအစဉ်တွင် မီချိုအာကန်ပြည်နယ် အတွင်းရှိ ကျောင်းသားများကို ပညာသင်ဆုများ ချီးမြှင့်ခြင်း၊ လူငယ်များ ကို ရာဇဝတ်ဂိုဏ်းများ၏ စုဆောင်းခြင်း မခံရစေရန်အတွက် အားကစားများတွင် ပါဝင်ရန် စည်းရုံးခြင်းကဲ့သို့ လူမှုရေး အစီအစဉ်များလည်း ပါဝင်သည်။
ထို့ပြင် အစိုးရသည် ထိုပြည်နယ်တွင် စိုက်ပျိုး မွေးမြူရေးနှင့် ခရီးသွားလာရေးကဲ့သို့ ကဏ္ဍများတွင် အရင်းအမြစ် များကို မြှင့်တင်သွားမည်ဖြစ်သည်။
ထိုအစီအစဉ်များအတွက် ဒေါ်လာ ၃ ဒသမ ၁၀ ဘီလျံခန့် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ကြောင်း ရှိန်းဘမ်းက ပြောကြားခဲ့ သည်။
Source: DW
