CNI International News

ကာရာကက်စ်၊ ဒီဇင်ဘာ ၅

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရို (Nicolas Maduro) က ပြီးခဲ့သည့် ၁၀ ရက်ခန့်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် လေးစားပျူငှာစွာ ဖုန်းဆက်သွယ် ပြောဆိုခဲ့ကြောင်း ဒီဇင်ဘာ ၃ ရက်က အတည်ပြု ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

လက်တင်အမေရိကတွင် အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်ချထားမှုကြောင့် အမေရိကန်နှင့် ဗင်နီဇွဲလားကြား တင်းမာမှု မြင့်တက်နေချိန်၌ နိုဝင်ဘာ ၂၁ ရက်က ထရမ့်နှင့် မာဒူရိုတို့ ဖုန်းဆက်သွယ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ကျနော်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် စကားပြောခဲ့ပါတယ်။ ကျနော်တို့ နှစ်ယောက်ကြား ပြောဆို မှုတွေက လေးစားမှု ရှိခဲ့ပါတယ်။ ထပ်ပြောရရင် ဖော်ရွေပျူငှာစွာ စကားပြောဆိုခဲ့ကြတယ်လို့ ကျနော် ပြောနိုင်ပါ တယ်"ဟု မာဒူရိုက နိုင်ငံပိုင်ရုပ်သံမှ ပြောကြားခဲ့သည်။

“ဒီဖုန်းခေါ်ဆိုမှုဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား လေးစားမှုရှိတဲ့ ဆွေးနွေးမှုဆီကို ဦးတည်နေတယ်လို့ အဓိပ္ပာယ် ဖွင့် နိုင်မယ်ဆိုရင် ကျနော်တို့က ငြိမ်းချမ်းရေးကို အမြဲတမ်း လိုလားနေတဲ့အတွက် ဆွေးနွေးမှုနဲ့ သံတမန်ရေးရာ အားထုတ်ကြိုပမ်းမှုတွေကို ကြိုဆိုပါတယ်" ဟု လက်ဝဲယိမ်းခေါင်းဆောင် မာဒူရိုက ပြောသည်။

အမေရိကန်စစ်သင်္ဘောကို တွေ့ရစဉ်

သြဂုတ်လကတည်းက အမေရိကန်သည် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို တိုက်ဖျက်မည်ဆိုသည့် အကြောင်း ပြချက်ဖြင့် ကာရစ်ဘီယံပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာတွင် ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောနှင့် အခြား စစ်သင်္ဘောများကို ဖြန့်ကြက်ချထားခဲ့သည်။

ထို့နောက် အမေရိကန် စစ်သင်္ဘောများသည် မူးယစ်ဆေးဝါး မှောင်ခိုကူးသည်ဟု သံသယရှိရသည့် သင်္ဘော  ၂၂ စင်းကို တိုက်ခိုက်ခဲ့သဖြင့် လူ ၈၃ ဦးထက်မနည်း သေဆုံးခဲ့သည်။

မာဒူရိုကမူ ထိုစစ်ဆင်ရေးသည် ၎င်းတို့ အစိုးရအဖွဲ့ ဖြုတ်ချရန်နှင့် ဗင်နီဇွဲလား၏ ရေနံများကို အပိုင်သိမ်းလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်ကလည်း သူသည် မာဒူရိုနှင့် ဖုန်းဆက်သွယ် ပြောဆိုခဲ့ကြောင်း နိုဝင်ဘာ ၃၀ ရက်က အတည်ပြုခဲ့သော် လည်း အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိပေ။

Source: South China Morning Post