CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၆
ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်၏ ငြိမ်းချမ်းရေး အစီအစဉ်ထဲမှ အချို့ အဆိုပြုချက်များကို လက်မခံ နိုင်ကြောင်း ရုရှားသမ္မတ ပူတင် (Vladimir Putin) က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် (၄)နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် ရုရှား-ယူကရိန်း စစ်ပွဲကို အဆုံးသတ်ရန်အတွက် သံတမန်နည်းလမ်းဖြင့် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်နေသည်။
သို့သော် ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်တွင် ယူကရိန်းအနေဖြင့် ရုရှားကို နယ်မြေများ ပေးရဖွယ် ရှိ၊ မရှိနှင့် အနာဂတ်၌ ရုရှား၏ တိုက်ခိုက်မှုရန်မှ မည်သို့မည်ပုံ ကာကွယ်ပေးမည်ဆိုသည့် အချက်များနှင့်ပတ်သက်ပြီး သဘောတူညီမှု ရရှိရန် ခက်ခဲခဲ့သည်။
ထရမ့်၏ အထူးသံတမန်ဖြစ်သည့် စတိဗ် ဝစ်ကော့ဗ် (Steve Witkoff) နှင့် ထရမ့်၏ သားမက်ဖြစ်သော ဂျရတ် ကူရှ်နာ (Jared Kushner) တို့သည် အမေရိကန်၏ မိုင်ယာမီ (Miami) ပြည်နယ်တွင် ယူကရိန်း၏ စေ့စပ်ညှိနှိုင်းသူ ရူစတမ် အူမာရော့ဗ် (Rustem Umerov) နှင့်တွေ့ဆုံပြီး ဆွေးနွေးမှုများများ ပြုလုပ်ရန် စီစဉ်ထားသည်ဟု အမည် မဖော်လိုသည့် အမေရိကန်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၃ ရက်က ကရင်မလင် နန်းတော်တွင် ဝစ်ကော့ဖ်၊ ကူရှ်နာတို့နှင့် ပြုလုပ်ခဲ့သည့် ၅ နာရီကြာ ဆွေးနွေးမှု သည် အရေးကြီးပြီး အသုံးဝင်ကြောင်း၊ သို့သော် အလုပ်ဖြစ်ရန် ခက်ခဲကြောင်းနှင့် အချို့ အဆိုပြုချက်များသည် လက်မခံနိုင်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
ပူတင်သည် နိုင်ငံတော်ခရီးစဉ်ဖြင့် ဒီဇင်ဘာ ၄ ရက်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်သို့ ရောက်ရှိမလာမီ India Today TV ရုပ်သံနှင့် တွေ့ဆုံခဲ့သည်။
ထိုရုပ်သံနှင့် ပြုလုပ်သည့် အင်တာဗျူး အပြည့်အစုံကို မထုတ်လွှင့်မီ ရုရှားနိုင်ငံပိုင် သတင်းဌာနများဖြစ်ည့် တာ့စ် သတင်းဌာနနှင့် RIA Novisti သတင်းဌာနများကလည်း ပူတင်၏ မှတ်ချက်စကားအချို့ကို ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၂ ရက်က ဝစ်ကော့ဖ်၊ ကူရှ်နာတို့နှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် နှစ်ဖက်စလုံးသည် အမေရိကန်၏ ငြိမ်းချမ်းရေး အဆိုပြုချက်၏ တစ်ချက်ချင်းစီကို အသေးစိတ် လေ့လာသုံးသပ်ခဲ့ကြောင်း၊ ထို့ကြောင့် ဆွေးနွေးမှု သည် အချိန်ကြာမြင့်သွားခဲ့ခြင်းဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။
သို့သော် ပူတင်သည် မည်သည့် အချက်များကို လက်ခံပြီး မည်သည့် အချက်များကို ငြင်းပယ်ခဲ့သည် ဆိုခြင်းကိုမူ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိဘဲ ထိုဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော အရာရှိများကလည်း အသေးစိတ် အချက် အလက်များကို ပြောကြားခဲ့ခြင်း မရှိပေ။
Source: အေပီ
