CNI International News

အစ္စတန်ဘူလ်၊ မေလ ၁၆

တူရကီနိုင်ငံတွင် ယူကရိန်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ရုရှားသမ္မတ ပူတင် (Vladimir Putin) သည် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့ရာမှာ မည်သူများကို စေလွှတ်လိုက်သလဲ အားလုံးက စိတ်ဝင် တစားစောင့်ကြည့်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့ကို မစေလွှတ်မီ နာရီပိုင်းအတွင်းမှာပင် ကရင်မလင်နန်းတော်က ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် စာရင်းကို ထုတ်ပြန်ခဲ့သည်။ ထိုစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

¤ ဗလာဒီမာ မက်ဒင်စကီး (Vladimir Medinsky) ၊ ကရင်မလင်လက်ထောက်၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်။

ဆိုဗီယက်ယူကရိန်းတွင် မွေးဖွားခဲ့သည့် မက်ဒင်စကီးသည် ၂၀၂၂ ခုနှစ်က ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်စေရန် ကူညီပေးခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိပေ။ သူသည် ရုရှားစစ်သမိုင်း အဖွဲ့အစည်း၏ ဥက္ကဋ္ဌဖြစ်သည်။

ဒုတိယနိုင်ငံခြားရေးဝန်ကြီး မီခေး ဂါလူဇင်ကို တွေ့ရစဉ်

¤ မီခေး ဂါလူဇင် (Mikhail Galuzin) ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး။

ဂါလူဇင်သည် ဆိုဗီယက်ပြည်ထောင်စု အဖွဲ့ဝင်ဟောင်းများကို စုစည်းထားသည့် ဓနသဟာယ လွတ်လပ်သော နိုင်ငံများအသင်းနှင့် ဆက်ဆံမှုများကို ကြီးကြပ်ရသူဖြစ်သည်။ မော်စကို စတိတ် တက္ကသိုလ်၏ အာရှနှင့် အာဖရိက ရေးရာဘာသာရပ်များကို သင်ယူခဲ့ပြီး ဂျပန်ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆို တတ်သည်။

¤ အိုင်ဂေါ် ကို့စ်ယူကော့ဗ် (Igor Kostyukov) ၊ ရုရှားစစ်ထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး။

ကို့စ်ယူကော့ဗ်သည် GRU ဟု လူသိများသည့် ရုရှား၏ အာဏာအကြီးဆုံး ထောက်လှမ်းရေးအေဂျင်စီများထဲတွင် ပါဝင်သည့် စစ်ထောက်လှမ်းရေးအဖွဲ့ကို ဦးဆောင်နေသည့် ပထမဆုံး ရေတပ်အရာရှိဖြစ်သည်။

¤ အလက်ဇန်းဒါး ဖိုမင် (Alexander Fomin) ၊ ဒုတိယကာကွယ်ရေးဝန်ကြီး။

ဖိုမင်သည် ၂၀၂၂ ခုနှစ်က ယူကရိန်းနှင့်ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ဖူးပြီး လက်ရှိ ဆွေးနွေးမှုများအတွက် ကျွမ်းကျင် သူများ စာရင်းတွင် ပါဝင်ရန် ပူတင်က အတည်ပြုခဲ့သည်။

¤ အလက်ဇန်းဒါး ဇိုရင် (Alexander Zorin) ၊ ဝန်ထမ်းချုပ်ရုံး ဦးစီးဌာန၏ ပြန်ကြားရေး ပထမလက်ထောက် အကြီးအကဲ။

ရုရှားစစ်ထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး အိုင်ဂေါ် ကို့စ်ယူကော့ဗ်ကို တွေ့ရစဉ်

ဆိုဗီယက်ယူကရိန်းတွင် မွေးဖွားခဲ့သည့် ဇိုရင်သည် ဆီးရီးယား ပြည်တွင်းစစ်အတွင်း ရုရှား၏ ဝင်ရောက် တိုက်ခိုက်မှုကို ဦးဆောင်ခဲ့ပြီး စေ့စပ်ညှိနှိုင်းမှုများကြောင့် လူသိများသူဖြစ်သည်။

¤ ယီလန်နာ ပိုဒိုဘရက်ယက်ဗ်စကာယာ (Yelena Podobreyevskaya) ၊ ကရင်မလင် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ မူဝါဒဦးစီးဌာန ဒုတိယအကြီးအကဲ။

¤ အလက်ဇီ ပိုလစ်ရှ်ချော့ (Alexei Polishchuk) ၊ ဘီလာရုစ်၊ ယူကရိန်းနှင့် မော်လ်ဒိုဗာ အရေးကိစ္စများကို ကိုင်တွယ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ CIS ဌာန ဒါရိုက်တာ။

¤ ဗွီ ရှက်ဗ်ဆော့ ( V. Shevtsov) ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတကာ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၏ ဒုတိယအကြီးအကဲ တို့ဖြစ်ကြသည်။

Source: ရိုက်တာ