CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၉

ရုရှားသည် စက်တင်ဘာ ၈ ရက် ညပိုင်းက ယူကရိန်းစစ်ပွဲအတွင်း အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ် ခဲ့သဖြင့် ယူကရိန်း၏ ကိယက်ဗ်မြို့တော်ရှိ အဓိက အစိုးရအဆောက်အအုံတစ်ခု မီးလောင်ခဲ့ကာ လူ ၄ ဦးသေဆုံးခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ရုရှား၏ ဒရုန်းများနှင့် ဒုံးကျည်များကြောင့် ဇာပိုရီရှား (Zaporizhzhia) ၊ ကရီဗ်ယီရီ (Kryvyi Rih) နှင့် အိုဒက်ဆာ (Odesa) မြို့များ အပါအဝင် ယူကရိန်းနိုင်ငံ မြောက်ပိုင်း၊တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် ထိခိုက်ပျက်စီး မှုများ ရှိခဲ့သည်ဟု ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောကြားခဲ့သည်။

“စစ်မှန်တဲ့ သံတမန် အားထုတ်ကြိုးပမ်းမှုတွေကို လုပ်ဆောင်နေချိန်မှာ အခုလို သတ်ဖြတ်မှုတွေက စစ်ပွဲကို ရေရှည်ဖြစ်ပွားစေဖို့နဲ့ ရာဇဝတ်မှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု ဇာလန်းစကီးက X လူမှုမီဒီယာတွင် ရေးသားခဲ့ပြီး ယူကရိန်းအတွက် လေကြောင်းကာကွယ်ရေးစနစ်များ ပိုမိုထောက်ပံ့ပေးရန် မေတ္တာရပ်ခံခဲ့သည်။

စက်တင်ဘာ ၈ ရက် နံနက်ပိုင်း နေထွက်လာချိန်တွင် ရုရှား၏ တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေသည့် ကိယက်ဗ်မြို့တော်ရှိ အစိုးရအဆောက်အအုံ၏ ခေါင်မိုးပေါ်မှ မီးခိုးလုံးများ ထွက်နေပုံကို ရိုက်တာသတင်းထောက် မားက တွေ့မြင်ခဲ့ရသည်။

ယူကရိန်းအစိုးရ အဆောက်အအုံ ဒရုန်းတိုက်ခိုက်ခံရစဉ်

ကိယက်ဗ်မြို့တော်၏ အချို့နေရာများတွင်လည်း လူနေတိုက်တာများ ထိခိုက်ပျက်စီးနေပြီး ကယ်ဆယ်ရေး သမားများက မီးကို ညှိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။

ရုရှားသမ္မတ ပူတင် (Vladimir Putin) က အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုများကို သဘောမတူဘဲ တရုတ်နှင့် ဆက်ဆံရေး တိုးမြှင့်နေချိန်တွင် ထိုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ သူသည် ရုရှားကို ဒုတိယအသုတ် ပိတ်ဆို့မှုများ ပြုလုပ် ရန် အသင့်ရှိကြောင်း စက်တင်ဘာ ၇ ရက်က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ကိတ်သ် ကဲလော့ဂ် (Keith Kellogg) ကမူ ရုရှား၏ တိုက်ခိုက်မှု သည် ပဋိပက္ခကို ပိုမို အရှိန်မြင့်တက် လာစေနိုင်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ နောက်ထပ် စီးပွားရေး ဖိအားများသည် ပူတင်ကို ယူကရိန်းစစ်ပွဲ အဆုံးသတ် ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ဖိအားပေးရာ ရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် (Scott Bessent) က ပြောကြားခဲ့သည်။

Source: ရိုက်တာ