CNI International News

ကိယက်ဗ်၊ ဩဂုတ် ၁၂

ယူကရိန်းနှင့် ရုရှားကြား စစ်ပွဲ ဖြစ်ပွားလာခဲ့သည်မှာ ၃ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း ငြိမ်းချမ်းရေး ရရှိရေး အလားအလာသည် အလှမ်းကွာဝေးနေဆဲဖြစ်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ငြိမ်းချမ်းရေးအတွက် သံတမန်ရေး အားထုတ်ကြိုးပမ်းများ ရှိနေသည့်တိုင် စစ်မြေပြင်တွင်  ရှိနေသည့် စစ်သား အများစုက ငြိမ်းချမ်းရေး အလားအလာအပါ် သံသယရှိနေကြသည်။

အဘယ်ကြောင့်ဆိုသော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ၎င်း အာဏာရလာပြီးနောက် ရက်ပိုင်းအတွင်း ရုရှားနှင့်ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပေးမည်ဟု ကတိပြုခဲ့သော်လည်း ယခုအချိန်အထိ မတိုး သာမဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်နေရသဖြင့် စစ်သားများကြား သံသယများကို ကြီးထွားစေခဲ့သည်။

မကြာသေးမီက ထရမ့်က ရုရှားနှင့်ယူကရိန်းကြား နယ်နိမိတ်အချို့ အလဲအလှယ် ရှိလိမ့်မည်ဟု ပြောကြားခဲ့သဖြင့် ယူကရိန်း၏ နယ်နိမိတ်များကို ရုရှားထံ အပါမခံဘဲ ခုခံနေရသည့် ယူကရိန်းစစ်သားများအား စိတ်ရှုပ်ထွေးသွား စေခဲ့သည်။

ထို့ကြောင့် လက်ရှိ ဆွေးနွေးမှုများသည် စစ်ပွဲကို အဆုံးသတ် စေလိမ့်မည်ဆိုသည့် အချက်ကို အနည်းစုကသာ ယုံကြည်နေကြကာ အများစုကမူ ရုရှားသည် တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်ဖွယ်ရှိနေသည်ဟု ယူဆထား ကြသည်။

ယူကရိန်းစစ်သားများကိုတွေ့ရစဉ်

ရုရှားသည် ဂလိုက်ဗုံးများမှအစ လက်နက်ကြီးများအထိ လေကြောင်း တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်နေ သဖြင့် ယူကရိန်းစစ်သားများကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှ ထွက်ပေါ်လာသည့် အသံများထက် ထိုတိုက်ခိုက် မှုများကနေ ထွက်ပေါ်လာသော ပေါက်ကွဲသံများက ပိုမိုကျယ်လောင်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။

ယူကရိန်း၏ အမှတ် ၅၉ တပ်မဟာမှ တပ်မှူးတစ်ဦးဖြစ်သည့် ဆာဟီ ဖီလီမိုနော့ဗ် (Serhii Filimonov) ကမူ ရုရှားနှင့် ယူကရိန်းကြား ငြိမ်းချမ်းရေး ရလိမ့်မည်မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေးသာ ဖြစ်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

စစ်မြေပြင်များတွင်လည်း တိုက်ပွဲများနှင့် ထိခိုက်၊ သေဆုံးသူ အရေအတွက် မြင့်တက်ခဲ့ပြီး ဇူလိုင်လ တစ်လ တည်းမှာပင် တိုက်ပွဲပေါင်း ၂၆၀၀ ဖြစ်ပွားခဲ့ကာ ယူကရိန်း-ရုရှား စစ်ပွဲအတွင်း တိုက်ပွဲအများဆုံး ဖြစ်ပွားသည့် လအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

Source: အေပီ