CNI International News

ဝါရှင်တန်၊ မတ်လ ၁၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)က ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် လုပ်ဆောင်နေချိန်တွင် မတ်လ ၁၈ ရက်၌ ရုရှားသမ္မတ ပူတင်(Vladimir Putin )နှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ထရမ့်က မတ်လ ၁၆ ရက် ညနေခင်း အချိန်တွင် ဖလော်ရီဒါမှ ဝါရှင်တန်သို့ Air Force One ဖြင့် ပျံလာချိန် လေယာဉ်ပေါ်၌ သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

“တစ်ခုခု ကြေညာဖြစ်မယ်ဆိုရင် မတ်လ ၁၈ ရက်နေ့မှာ ဖြစ်လောက်မှာပါ။ မတ်လ ၁၈ ရက်နေ့မှာ ကျနော်တို့ သမ္မတ ပူတင်နဲ့ ဆွေးနွေးသွားဖို့ ရှိပါတယ်။ ဒီသီတင်းပတ်ကုန်မှာ အလုပ်အများကြီး ပြီးစီးသွားတယ်။ ဒီဆွေးနွေး မှုကနေ စစ်ပွဲ အဆုံးသတ်ရေး ယူဆောင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။

အမေရိကန်က ဆော်ဒီ ဆွေးနွေးပွဲအပြီး၌ ယူကရိန်းစစ်ပွဲ ပြီးဆုံးရေးကို အဆိုပြုထားသည်။

ထို့ကြောင့် ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သီတင်းပတ် အနည်းငယ်အတွင်း ရရှိနိုင် မည်ဟု ယူဆထားကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဆော်ဒီဆွေးနွေးပွဲတွင် ရရှိခဲ့သည့် သဘောတူညီချက်ကို ယူကရိန်းဘက်က လက်ခံထားသည်ဟု အမေရိကန်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်

စစ်ပွဲတွင် အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် အမေရိကန်နှင့် ယူကရိန်း၏ ဥရောပမဟာမိတ်နိုင်ငံများက ရုရှား အား ဖိအားပေးလျက် ရှိနေသော်လည်း ပူတင်ကမူ ပြတ်ပြတ်သားသား အဖြေပေးခြင်း မရှိသေးပေ။

ပူတင်နှင့် စကားပြောဆိုရာတွင် မြေယာကိစ္စနှင့် ဓာတ်အားပေးစက်ရုံ ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဟု ထရမ့်က ပြောပြခဲ့သည်။

“မြေကိစ္စ အကြောင်းနဲ့ ဓာတ်အားပေးစက်ရုံ ကိစ္စတွေကို ဆွေးနွေးသွားမှာပါ”ဟု ပိုင်ဆိုင်မှုအချို့ ခွဲခြမ်းရေးကို ရည်ညွှန်းကာ ပြောခဲ့ခြင်းဖြစ်သည်။

ထရမ့်၏ အထူးသံတမန် စတိဗ်ဝစ်ကော့(Steve Witkoff )သည်  မကြာသေးမီက မော်စကိုမြို့တော်သို့ သွားရောက်ခဲ့ပြီး ပူတင်နှင့် နာရီအတော်ကြာ ဆွေးနွေးခဲ့သည်။

ထရမ့်နှင့်ပူတင်တို့သည် မကြာမီ အပြုသဘောဆောင်သော ဆွေးနွေးမှုကို လုပ်ဆောင်ကြတော့မည်ဖြစ်ကြောင်း စတိဗ်က အစောပိုင်းတွင် ပြောကြားခဲ့သည်။

Source: အေပီ