CNI International News
ကိယက်ဗ်၊ နိုဝင်ဘာ ၂၂
ရုရှား-ယူကရိန်း စစ်ပွဲကို အဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ငြိမ်းချမ်းရေးအစီအစဉ်တွင် ယူကရိန်းသည် ရုရှားကို နယ်မြေများ ပေးရမည်ဖြစ်ပြီး ယူကရိန်းစစ်တပ်၏ အင်အားကို အကန့်အသတ်ဖြင့် ထားရှိရလိမ့်မည်ဖြစ်ကြောင်း ထိုအစီအစဉ်မူကြမ်းကို ရရှိခဲ့သည့် အေပီ သတင်းဌာနမှ ဖော်ပြခဲ့သည်။
ထရမ့်၏ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အစီအစဉ်မူကြမ်းတွင် ယူကရိန်းသည် ဒွန်ဘက်စ် (Donbas) ဒေသကို ရုရှားထံ အလုံးစုံ လက်လွှတ် အလျှော့ပေးရမည်ဖြစ်သည်။
ထို့ပြင် လက်ရှိ စစ်သားအင်အား ၈၈၀,၀၀၀ ရှိသည့် ယူကရိန်းစစ်တပ်ကို စစ်သားအင်အား ၆၀၀,၀၀၀ အထိ လျှော့ချရမည်ဖြစ်သည်။
အမေရိကန်နှင့် ရုရှားကြား ဆွေးနွေး ညှိနှိုင်းမှုများမှတဆင့် ပေါ်ပေါက်လာသည့် ထိုအစီအစဉ်အရ ထရမ့်သည် ရုရှားကို မျက်နှာသာပေးရန် ဆုံးဖြတ်ခဲ့ပုံရကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

ယူကရိန်းတိုက်ခိုက်ခံရစဉ်
သို့သော် အတိတ်ကာလက ဖြစ်စဉ်များကို သုံးသပ်ရမည်ဆိုပါက ယူကရိန်းသမ္မတ ဇာလန်းစကီး (President Volodymyr Zelenskyy) သည် ထရမ့်၏ အစီအစဉ်ကို သဘောတူဖွယ်မရှိပေ။
ဇာလန်းစကီးသည် ယခင်ကတည်းက ရုရှားကို နယ်မြေများ အလျှော့ပေးရန် ထရမ့်၏ တောင်းဆိုမှုများကို ဆန့်ကျင်ကန့်ကွက်ခဲ့သူ ဖြစ်သည်။
ထိုအစီအစဉ်တွင် ပါရှိသည့် အချက်အလက်များအရ အနာဂတ်တွင် ရုရှား၏ ကြီးမားပြီး၊ ရည်ရွယ်ချက်ရှိသည့် လက်နက်ကိုင် တိုက်ခိုက်မှုများကို မြောက်အမေရိကနှင့် ဥရောပ အသိုင်းအဝိုင်း၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အတွက် ခြိမ်းခြောက်မှုအဖြစ် ယူဆမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုအချက်သည် ယူကရိန်း၏ လုံခြုံရေး စိုးရိမ်မှုများကို လျှော့ချပေးရန် ရည်ရွယ်ခြင်းဖြစ်နိုင်သည်။
ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေးနှင့် ပတ်သက်ပြီး ထရမ့်၏ တွန်းအားပေး ဆောင်ရွက်မှုများသည် ထရမ့်နှင့် ဥရောပ ခေါင်းဆောင်များကို သဘောထား ကွဲလွဲစေနိုင်သည်။
ဥရောပခေါင်းဆောင်များကမူ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးတွင် ရုရှားသမ္မတ ပူတင် (Vladimir Putin) ကို အကျိုးရှိစေမည့် မည်သည့် သဘောတူညီချက်ကိုမဆို ကန့်ကွက်ဖွယ်ရှိနေသည်။
Source: အေပီ
