CNI International News
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၉
ယူကရိန်းနှင့် ရုရှားနိုင်ငံတို့မှ စေ့စပ်ညှိနှိုင်းသူများသည် ဆွေးနွေးပွဲ ဒုတိယမြောက်နေ့အဖြစ် ဖေဖော်ဝါရီ ၁၈ ရက် တွင် ဂျီနီဗာမြို့၌ ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်နေပြီး ကိယက်ဗ်(ယူကရိန်း)ကို ဖိအားပေးခဲ့ကြောင်း ရိုက်တာ မှ ဖော်ပြခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) ကမူ ၄ နှစ်ကြာ စစ်ပွဲကို အဆုံးသတ်ရန်အတွက် အမေရိကန်သည် ၎င်းအပေါ် အလွန်အမင်း ဖိအားပေးနေကြောင်း ပြောကြားခဲ့သည်။
အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် ယူကရိန်း-ရုရှား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနေချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ထိုဆွေးနွေးပွဲများ အောင်မြင်စေရန်အတွက် ယူကရိန်း နှင့် ဇာလန်းစကီးတို့၏ လုပ်ဆောင်ချက်များအပေါ် မူတည်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၂ ကြိမ် ပြောကြား ခဲ့သည်။

ယူကရိန်းထောက်ခံသူများကို တွေ့ရစဉ်
ဇာလန်းစကီးကမူ ငြိမ်းချမ်းရေး အစီအစဉ်အတွက် ဆွေးနွေးညှိနှိုင်းရာတွင် ထရမ့် အနေဖြင့် ရုရှားကို တောင်းဆို ခြင်း မရှိဘဲ ယူကရိန်းကိုသာ လိုက်လျောပေးရန် လူသိရှင်ကြား တောင်းဆိုနေခြင်းသည် မတရားကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်လွှင့်ခဲ့သည့် Axios နှင့်ပြုလုပ်သော အင်တာဗျူး၌ ပြောကြားခဲ့သည်။
ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ထားခြင်း မရှိသေးသည့် ယူကရိန်း အရှေ့ပိုင်း ဒွန်ဘတ်စ် (Donbas) ဒေသရှိ နယ်မြေ များကို စွန့်လွှတ်ရန် တောင်းဆိုသော အစီအစဉ်များကို လူထုဆန္ဒခံယူပွဲ ပြုလုပ်ပါက ယူကရိန်းပြည်သူများက ငြင်းပယ်ကြလိမ့်မည်ဟုလည်း ဇာလန်းစကီးက ပြောကြားခဲ့သည်။
“ဒါဟာ သူ့ (ထရမ့်) ရဲ့ နည်းဗျူဟာ သက်သက်သာဖြစ်ပြီး ဆုံးဖြတ်ချက် မဟုတ်ဘူးလို့ ကျနော် မျှော်လင့်ပါတယ်” ဟု Axios နှင့်ပြုလုပ်သော အင်တာဗျူးတွင် ဇာလန်းစကီးက ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ ထရမ့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများအတွက် ဇာလန်းစကီးက ကျေးဇူးတင်စကား ထပ်မံ ပြော ကြားခဲ့သည်။
အလားတူ အမေရိကန်၏ ထိပ်သီး ညှိနှိုင်းရေးမှူးများဖြစ်သည့် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် ထရမ့်၏ သားမက်ဖြစ်သူ ဂျရက် ကုရှ်နာ (Jared Kushner) တို့ဖြင့် ဆွေးနွေးမှုများတွင်မူ ထိုကဲ့သို့ သော ဖိအားပေးမှုမျိုး မရှိကြောင်း Axios ကို ဇာလန်းစကီးက ပြောကြားခဲ့သည်။

ယူကရိန်းနဲ့ရုရှား ဆွေးနွေးကြစဉ်
“ယူကရိန်းအနေနဲ့ ဆွေးနွေးပွဲ စားပွဲဝိုင်းကို အမြန်ဆုံး လာရောက်တာ ပိုကောင်းပါလိမ့်မယ်။ ခင်ဗျားတို့ကို ပြောချင်တာကတော့ အဲဒါအကုန်ပါပဲ”ဟု ထရမ့်က ဖေဖော်ဝါရီ ၁၆ ရက်တွင် သတင်းထောက်များနှင့် တွေ့ဆုံ ချိန်က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁၇ ရက်က ဆွေးနွေးပွဲများသည် လက်တွေ့ကျသော ကိစ္စရပ်များနှင့် ဖြစ်နိုင်ခြေရှိသော ဆုံးဖြတ် ချက်များနှင့် လုပ်ငန်းစဉ်များအပေါ် အဓိက ဆွေးနွေးခဲ့ကြောင်း ယူကရိန်းဘက်မှ ဆွေးနွေးညှိနှိုင်းသူ တစ်ဦး ဖြစ်သည့် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အကြီးအကဲ ရူစတမ် အူမာရော့ဗ် (Rustem Umerov) က ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
ရုရှားဘက်မှ ဆွေးနွေးညှိနှိုင်းသူများကမူ ဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
သို့သော် ဆွေးနွေးပွဲများသည် အလွန်တင်းမာခဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးမှု၊ သုံးပွင်ဆိုင် ဆွေးနွေးမှုပုံစံများဖြင့် ၆ နာရီ ကြာမြင့်ခဲ့ကြောင်း ရုရှားသတင်းဌာနများက ဖော်ပြခဲ့သည်။
Source: ရိုက်တာ
