CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၉
ပြီးခဲ့သည့်နှစ်က ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကြားဝင်စေ့စပ်မှုဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိထားသော်လည်း ထိုင်းတပ်ဖွဲ့များသည် ကမ္ဘောဒီးယားနယ်နိမိတ်ကို ကျူးကျော်ပြီး တပ်စွဲထားဆဲဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) က ပြောကြားခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နယ်စပ်ဒေသတွင် ပူးတွဲနယ်စပ်ရေးရာ ကော်မရှင်ကို စတင် လုပ်ဆောင်ခွင့်ပြုရန် ဟွန်မာနက်က ထိုင်းနိုင်ငံကို တောင်းဆိုလိုက်သည်။
၂၀၂၃ ခုနှစ်တွင် ဖခင်ဖြစ်သူထံမှ အာဏာလွှဲပြောင်း ရယူခဲ့ပြီးနောက် ဟွန်မာနက်သည် ဖေဖော်ဝါရီ ၁၇ ရက်က ရိုက်တာသတင်းဌာနနှင့် အင်တာဗျူး ပြုလုပ်ခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကို တွေ့ရစဉ်
ထိုအင်တာဗျူးသည် ဟွန်မာနက်အတွက် အာဏာရရှိခဲ့ပြီးနောက် နိုင်ငံတကာ သတင်းမီဒီယာတစ်ခုနှင့် ပြုလုပ် သည့် ပထမဆုံး အင်တာဗျူးဖြစ်သည်။
ထိုအင်တာဗျူးတွင် ဟွန်မာနက်က အမေရိကန်နှင့် ပိုမိုနွေးထွေးသော ဆက်ဆံရေး ရှိလာမှုကို ချီးကျူးပြော ကြားခဲ့ပြီး ကမ္ဘောဒီးယားအစိုးရသည် နိုင်ငံအတွင်း အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေသော ကျားဖြန့်စင်တာများကို နှိမ်နင်းနေကြောင်း ပြောကြားခဲ့သည်။
ဟွန်မာနက်သည် ယခုသီတင်းပတ်အတွင်း အမေရိကန်တွင် ကျင်းပသည့် ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) အစည်းအဝေးကို တက်ရောက်ရန် ဝါရှင်တန်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ထိုင်းနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်ခဲ့သော်လည်း နယ်စပ် အခြေအနေသည် ထိလွယ်ရှလွယ်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်ပြီး ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အနေဖြင့် တင်းမာမှုများကို လျှော့ချရာတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်လာနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဟွန်မာနက်က ပြောကြားခဲ့ သည်။

ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ်စဲရေး ထရမ့် ကြားဝင်စေ့စပ်ပေးစဉ်
ငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို ကြီးကြပ်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း ထရမ့်ကမူ ထိုအဖွဲ့၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံကမူ တင်းမာမှုများ လျှော့ချရေး အစီအမံများ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် စစ်သားများကို ဆက်လက် ဖြန့်ကြက်ချထားခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နယ်မြေသိမ်းပိုက်မှုများ မပြုလုပ်ဟု ငြင်းဆိုခဲ့သည်။
ရိုက်တာသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးအတွင်း ဟွန်မာနက်၏ ပြောကြားချက်များနှင့်ပတ်သက်ပြီး မှတ်ချက် တောင်းခံမှုကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်း တုန့်ပြန်ခဲ့ခြင်းမရှိပေ။
Source: Thai PBS World
