CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

တရုတ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းက လက်နက်ကိုင် ၃ ဖွဲ့အပေါ်တွင် ဩဇာညောင်းသော်လည်း ကချင်လွတ် လပ်ရေးတပ်မတော်(KIA)အပေါ်မှာတော့ ထင်သလောက် ဩဇာမညောင်းဘူးဟု တရုတ်-မြန်မာအ‌ရေး လေ့လာ သုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းက လက်နက်ကိုင်  ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်၊ မိုင်းလား၊ “ဝ”တို့သည် တရုတ်နှင့် ခိုင်မာသည့် ဆက်ဆံရေးတစ်ခု ရှိထားပြီးသားဖြစ်ကြောင်း၊ KIA အနေဖြင့် တရုတ်ပြောသမျှ နာခံမည့်သဘောမျိုး မရှိကြောင်း ၎င်းက ပြောသည်။ 

‌ဒေါက်တာလှကျော်ဇောက “ဒီလိုရှိတယ်ဗျ။ သူတို့က နယ်ချင်းစပ်နေတာ တရုတ်နယ်စပ်မှာ ထိပ်ဆုံးကဆို KIA တို့နဲ့ ဆက်စပ်နေတာရှိတယ်။ အောက်ပိုင်းမှာကျတော့ ကိုးကန့်တို့၊ မိုင်းလားတို့ရှိတာပေါ့ဗျာ “ဝ”တို့။ အဲဒီ “ဝ”တို့ မိုင်းလားတို့၊ ကိုးကန့်တို့နဲ့ တရုတ်နဲ့ဆက်ဆံရေးက ပိုပြီးတော့ ခိုင်မာတယ်။ ပိုပြီးတော့လည်း အခုကတော့ တော် တော်ကြီးကို စီးပွားရေးအရပါ အဆက်ဆက် ရှိနေပြီဖြစ်တယ်။ ဒါပေမယ့် KIA ကျတော့ သူက တရုတ်ရဲ့ အကြံပေး မှုတွေပဲဖြစ်ဖြစ် ဖိအားပေးမှုတွေပဲဖြစ်ဖြစ် သူဒါကို ဟိုလူတွေလောက် MNDAA တို့၊ “ဝ” တို့လောက် လက်မခံသလို ဆက်ဆံလို့ရတယ်။ ဟိုလောက် မရင်းနှီးပေါ့ဗျာ။ ဟိုမှာကတော့ စီးပွားရေးအရရော ဘာရောက တော်တော် ဆက်စပ်နေပြီဗျ။ ဘာလို့လဲဆိုတော့ မဲခေါင်မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်စပ်ပြီးတော့ အဲဒီ ကိုးကန့်တို့၊ “ဝ” တို့၊ မိုင်းလားတို့ကို တရုတ်က ပုံပြီး ကူညီထားတာတွေရှိတယ်။ ဒါကြောင့်မို့လို့ စီးပွားရေးအရကော၊  ဟိုဒင်းအရ ကော တော်တော် ဆက်စပ်နေပြီ တရုတ်နဲ့လေ။ ဒါပေမယ့် KIA ကျတော့ တရုတ်ရဲ့ဩဇာပေါ့နော် တရုတ်ပြော စကားကို ဟိုအဖွဲ့တွေလောက် သူနာခံစရာမလိုဘူး။ KIA က သူ့ဟာသူ သီးသန့် တတ်နိုင်သမျှ လွတ်လပ်တဲ့ တွေးခေါ်မှုတွေ ရှိနိုင်တယ်ဗျ။ မတူဘူး။ ဟိုလူတွေကတော့ အစစအရာရာ စီးပွားရေးအရရော ဘာမဆို (မှီ)ခိုနေရ သလို ဖြစ်တာပေါ့နော် တရုတ်ပြည်ကို။ ဒါကြောင့်မို့လို့ တရုတ်ပြည်ရဲ့ ဩဇာပိုကြီးတယ်ဗျ။ သို့သော်လည်း တရုတ် ပြောသမျှတိုင်းလည်း သူနာခံမှာ မဟုတ်ဘူး။ နောက် တရုတ်ရဲ့ စီးပွားရေးအရလည်း အပြတ်အသတ် ဆက်စပ် မနေဘူးဗျ။ နောက် သူ့မှာက နိုင်ဖဲရှိတယ်လေဗျာ။ (Rare Earth) ပေါ့နော် ရှားပါး မြေရှားသတ္ထုက ကိုင်ထားနိုင် တာဖြစ်တော့ သူက တရုတ်ကို စကားပြောတဲ့အခါမှာ ဟိုလူတွေထက် ပိုပြီးတော့ ပြောနိုင်ဆိုနိုင်တာတော့ ရှိတာ ပေါ့ဗျာ” ဟု ပြောသည်။ 

KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ ချင်းညီနောင်အဖွဲ့(Chin Brother)ကို တွေ့ရစဉ်

KIA သည် ကချင်ဒေသဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ပထဝီ အနေအထားအရ ဒေသ အကန့်အသတ် များရှိသဖြင့် ကချင်ပြည်နယ်ကို ထိန်းချုပ်နိုင်ရေးအတွက်သာ ကြိုးစားမည်ဖြစ်ကြောင်း၊ တရုတ်နှင့် ထိစပ်နေ သည့်အတွက် ၎င်းတို့အနေဖြင့် အင်အားကြီးအောင် လုပ်ဖို့မလွယ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

တရုတ်အနေဖြင့် KIA အား ယခင် အခြေအနေ အတိုင်းဆိုလျှင် ဖိအား ပေးကောင်းပေးလာနိုင်ကြောင်း၊ KIA သည် အနောက်နိုင်ငံနှင့် တရုတ်နိုင်ငံကြားတွင် ကစားနေသည့် ပုံစံမျိုးဖြစ်ကြောင်း၊ အနောက် အင်အားစုများ ဝင်လာပြီ ဆိုပါက တရုတ် ထိန်းနိုင်တော့မည် မဟုတ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေး‌အောင်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ယခင်တုန်းကတော့ ဖိအားပေးနိုင်ကောင်း ပေးနိုင်မယ်။ ခုနတုန်းက ‌ကျနော်ပြောတဲ့ စကားထဲမှာပါတယ် အရှေ့နဲ့အနောက် သူက ကစားနေတယ်ဆိုတဲ့ အခါကျတော့။ ဒီ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တရုတ်ကလည်း တက်ရောက်တာ တွေ့တယ်။ သူတို့က တိုက်ပွဲ‌ မဖော်ဆောင်ဖို့ ပြောတယ်။ ဒါဂွမ်မော် ပြောထားတဲ့ စကားအတိုင်း ကျနော် ပြောတာပေါ့။ အဲဒီအခါကျတော့ သူတို့တွေကတော့ စစ်ကဝောာ့ ဆက်တိုက်သွားမယ်ဆိုတဲ့ အကြောင်း ပြောတယ်။ စစ်တိုက်ဖို့က လက်နက်အင်အားနဲ့ ဆေးဝါးတွေ လိုတယ်လေ။ ရိက္ခာကတော့ ကိုယ့်ဒေသက ထွက် တယ် ထားလိုက်အုံး။ အဲဒီ လက်နက်အင်အားနဲ့ ဆေးဝါးတွေ ဘယ်က ထောက်ပံ့လဲ။ အဲဒီ ထောက်ပံ့မှုတွေ ရနေတဲ့ အခါကျတော့ သူကလည်း တရုတ်ကို ဒီလိုမျိုး စကားမျိုး ပြောနိုင်တယ်လို့ဝောာ့  ကျနော့် အနေနဲ့ကတော့ မြင်တယ်။ အဲဒါကြောင့်မို့လို့ တရုတ်က မထိန်းနိုင်ဘူးလားဆိုတော့ အနောက်အင်အားစုတွေ ဝင်လာပြီဆိုရင် တရုတ် မထိန်းနိုင်ပါဘူးဗျ။ KIA ကို စစ်ရေးအရ ဖိအားပေးဖို့တော့ သိပ်မလွယ်ဘူး။ ဒါပေမယ့် နိုင်ငံရေးအရ ညှိညှိ နှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဆွေးဆွေးနွေးနွေးနဲ့ လုပ်သွားကြရင်တော့ လမ်းကြောင်းတစ်ခုအပေါ် ရောက်လာလိမ့် မယ်လို့ ကျနော် မြင်ပါတယ်။ အချိန်တို အတွင်းကတော့ ဖြစ်နိုင်မယ် မထင်ဘူး ဒါလည်း” ဟု ပြောသည်။

ယော PDF နဲ့ KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ မြစ်ဆုံဆည်၊ မိုးပျံရထား လမ်း၊ ကန်ပိုက်တီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ မူဆယ်- မန္တလေး ကုန်သွယ်ရေးလမ်း၊ ရထားလမ်း၊ ရွှေလီ-မန္တလေး-ကျောက်ဖြူ အမြန်လမ်း စသဖြင့် အများအပြား ရှိနေသည်။

လက်ရှိတွင် KIA သည် နွေဦးတော်လှန်‌ရေး အင်အားစုများကို လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းများ၊ နေထိုင်နိုင်ရေးတို့ကို ထောက်ပံ့ကူညီပေးနေသလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း စစ်ဆင် ရေးများတွင်လည်း ပူးပေါင်းတိုက်ခိုက်နိုင်ရေး ထောက်ပံ့ပေးလျက်ရှိသည်။