CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၆
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏ အနောက်မြောက်ဒေသ (အထူးသဖြင့် စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်အစပ်) အပေါ်ထားရှိသည့် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်နှင့်ပတ်သက် ၍ တရုတ်စိုးရိမ်မှု ရှိသလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
မတ်လက ရှမ်းပြည်နယ်မြောက်ပိုင်း၌ ညီနောင်မဟာမိတ် ၃ ဖွဲ့အနက် TNLA နှင့် MNDAA အကြား တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် တနင်္သာရီဘက်၌ ထားဝယ်နှင့် မြိတ်ကြား ဝင်းဝ တိုက်ပွဲ အခင်းအကျင်းကြောင့် အနောက်အုပ်စု၏ မလက္ကာရေလက်ကြားကို တရုတ်က စိုးရိမ်မှုရှိလာသဖြင့် အရှေ့မြောက်ပိုင်း၌ ၎င်းနှင့် ဆက်ဆံရေးကောင်းသည့် EAO များ၏ နယ်မြေထိန်းချုပ်မှုများ ပေါ်ပေါက်လာသည်ဟုမြင်ကြောင်း ၎င်းက ပြောသည်။

တရုတ်ရဲ့ ရှမ်းမြောက်ဒေသ ထိန်းချုပ်ရေး မဟာဗျူဟာကိုတွေ့ရစဉ်
ဒေါက်တာအမ်ကောန်လက “ရှမ်းမြောက်ကို ထိန်းတာက အဓိက,က ဘာလဲဆိုတော့ ကျနော်တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် KIO က ဗိုလ်ချုပ်ဂွမ်မော်က ပေါ့ပေါ့ပါးပါး ပြောတဲ့ စကားတွေ၊ အချက်တွေပေါ်မှာ မူတည်နေတယ်။ အဲဒီအခါကြတော့ အဲဒီမှာ အဲဒီတုန်းက KIO ပြောတဲ့ ကချင်ယူနစ်တို့၊ နာဂယူနစ်တို့၊ ချင်းယူနစ်တို့၊ ရခိုင်ယူနစ်တို့နဲ့ ဆက်စပ်ပြီးတော့မှ သူက ကသုံးလုံး နယ်မြေဖြစ်တဲ့ ကသာ၊ ကောလင်း၊ ကန့်ဘလူပေါ့နော် စစ်ကိုင်းရဲ့ အဝကို ပိတ်ပြီးတော့မှ အနောက်မြောက်တစ်ခြမ်း၊ အနောက် ဖက်တစ်ခြမ်း အကုန်လုံး ဆက်စပ်ပြီးတော့မှ ပင်လယ်ဝ ထွက်ပေါက်ရှိတဲ့ နယ်မြေတစ်ခုကြီးကို စိုးမိုးဖို့အတွက် ပြင်ဆင်တဲ့ စကားရှိတယ်။ အဓိက,က အခု MNDAA က နမ့်ခမ်းအထိ သိမ်းရတဲ့ ရည်ရွယ်ချက်က အကယ်၍သာ ကချင် EAO ဖြစ်တဲ့ KIO က အဲဒီကိစ္စကို အကောင်အထည် ဖော်မယ်ဆိုရင် တစ်ခါတည်း ပြင်ဆင်ထားချက်အနေနဲ့ ကျနော်တို့ သူ့ကို တွေ့ရနိုင်တယ်။ ဘာကြောင့် အဲဒီလို ပြောရတာလဲဆိုရင် အဲဒီကိစ္စတွေ ဖြစ်ပြီးနောက်ပိုင်း KIO ရဲ့ အနောက်နဲ့ အနောက်မြောက်ဖက် ယူနစ်တွေအကြောင်း ပြောပြီးနောက်ပိုင်းမှာ ဒီဘက် တနင်္သာရီဘက်မှာ ထားဝယ်နဲ့ မြိတ်ကြားမှာ ဝင်းဝ တိုက်ပွဲဖြစ်တယ်။ အဲဒီ ဝင်းဝ တိုက်ပွဲ၊ တနင်္သာရီတိုက်ပွဲက နည်းနည်းသတိပြုဖို့ လိုတယ်။ အဲဒီဘက်ကို KNU နဲ့ PDF တွေတိုက်ရင်း နောက်ဆုံးရက်မှာ မြိတ် လေတပ်အခြေစိုက်စခန်းကို ဒရုန်း တွေနဲ့ပစ်တယ်။ အဲဒီအခါကြတော့ ဘာဖြစ်လဲဆိုတော့ ဒီဟာယူဆချက်က တနင်္သာရီဘက်မှာ စစ်ပွဲဖြစ်တဲ့ ရည်ရွယ်ချက်က တရုတ်အတွက် ပထဝီနိုင်ငံရေးအရ စိတ်ချပုံမပေါ်ဘူး။ အဲဒါဖြစ်ပြီးနောက်ပိုင်းမှာ ခြေမြန်လက် မြန် MNDAA ရဲ့ ရှမ်းမြောက်တိုက်ပွဲတွေ ဖြစ်လာတာပဲ” ဟု ပြောသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း (ဗန်းမောက်၊ အင်းတော်၊ ထီးချိုင့်၊ ကသာ) ဒေသများသည် KIA ဌာနချုပ်ရှိရာ လိုင်ဇာနှင့် အနောက်ဘက် အိန္ဒိယနယ်စပ်ကို ဆက်သွယ်ပေးသည့် အချက်အချာကျသော လမ်းကြောင်းပေါ်တွင် ရှိနေကာ ထိုလမ်းကြောင်းများအား ထိန်းချုပ်နိုင်ခြင်းဖြင့် လိုအပ်သော ထောက်ပံ့ရေး လမ်းကြောင်းများအား ပိုမိုခိုင်မာ စေကြောင်း တွေ့ရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်ကို KIA က ထိန်းချုပ်နိုင်မည်ဆိုပါက ခန္တီးနှင့် နာဂဒေသတစ်ခုလုံး အပါအဝင် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်၊ ဥရုချောင်းတစ်လျှောက်ကိုလည်း ထိန်း ချုပ်နိုင်မည်ဖြစ်သည်။
ထို့ပြင် ကချင်ပြည်နယ်အတွင်းသို့ မြန်မာ့တပ်မတော်မှ စစ်ကြောင်းထိုးလာမှုကို ကြိုတင်ဟန့်တားနိုင်သည့် ကြားခံနယ်မြေအဖြစ်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။
တရုတ်သည် KIA ၏ အနောက်မြောက်ဒေသ ရည်မှန်းချက်အပေါ် စိုးရိမ်မှုရှိသဖြင့် ပြီးခဲ့သည့် မတ်လအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ကို အသုံးချ၍ ကွတ်ခိုင်နှင့်နမ့်ခမ်းကို ထိန်းချုပ်ရန် ပြင်ဆင်ခဲ့သည်။
KIA ၏ အနောက်မြောက်ဒေသ ရည်မှန်းချက်သည် စစ်ရေးအရ အသာစီး ရယူရေးထက် ပိုမိုကျယ်ပြန့်ပြီး စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ကို ဆက်သွယ်ထားသည့် မဟာဗျူဟာမြောက် လမ်းကြောင်းသစ်တစ်ခု တည်ဆောက်ရန်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိသည်။

KIA-PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်
KIA သည် အနောက်မြောက်နှင့် ချိတ်ဆက်ရန် ကြိုးစားလာသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ယခုအခါတွင် စစ်ရေးအရ ပိုမိုမြန်ဆန်သွားပြီဖြစ်ကာ တရုတ်အနေဖြင့် KIA ၏ အနောက်မြောက်ဒေသအပေါ် စိုးရိမ်မှု ကြီးကြီး မားမား ရှိမည်ဟုမထင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရုတ်ကလည်း သူတို့ရဲ့နိုင်ငံ အကျိုးအမြတ် အတွက်ဆိုရင်တော့ ဘာမဆိုလုပ်တဲ့ နိုင်ငံလို ဖြစ်နေတာ။ မြန်မာနိုင်ငံထဲကို ဝင်ပြီးမှ အခု ကျနော်တို့ဆို တွေ့နေရတာပဲ။ တရုတ်နိုင်ငံသားစစ်စစ်တွေ ဗမာစကား တစ်ခွန်းမှ မတတ်ဘူး။ နောက်ကိုင်ထားတဲ့ မှတ်ပုံတင်က နိုင်ငံသားမှတ်ပုံတင်တွေ။ ဒါပေမယ့်လည်း သူတို့က နိုင်ငံသား မှတ်ပုံတင် ကိုင်ထားပေမယ့် တရုတ်နိုင်ငံသား စစ်စစ်တွေက မြန်မာပြည်ထဲမှာ ကျောက်တူးတာတို့၊ သစ်ခုတ်တာ တို့ လာလုပ်နေကြတာ အများကြီးပဲလေ။ အဲဒါလည်း KIA နဲ့ အပေးအယူလုပ်ပြီးမှ ဝင်တာတွေလို့ ကျနော်မြင်ပါ တယ်။ နောက်ဒီမှာ ငှက်ပျောခြံကိစ္စတွေ ရှိပါတယ်။ တရုတ်နယ်စပ်လမ်းမှာ။ ငှက်ပျောခြံကိစ္စမှာ လာလုပ်တဲ့ တရုတ် အလုပ်သမားတွေဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ တရုတ်နိုင်ငံသားတွေပါပဲ။ ဒါသူ့ အကျိုးအမြတ် အတွက်ပဲသူ ကြည့်ပြီးလုပ်တာ ဖြစ်တယ်။ KIA ကလည်း သူ့အမျိုးသား အကျိုးစီးပွားနဲ့ သူ့ကိုယ်ကျိုးစီးပွားပဲ လုပ် တဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်ဆိုတဲ့ အခါကြတော့ ကျနော့်အမြင် ပြောရမယ်ဆိုရင် တရုတ်ကတော့ သူ့အကျိုး အမြတ် အတွက်ပဲ လုပ်တဲ့အဖွဲ့အစည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တော်တော်ကြီး စိုးရိမ်ကြောင့်ကြမှု သိပ်မရှိ နိုင်ဘူး။ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်း တစ်လျှောက်လုံးမှာလည်း သူ့ကိုယ်ကျိုးအတွက်ပဲ လုပ်ခဲ့ကြတာ ကို။ ပြည်ထောင်စုအစိုးရလည်း ဩဇာသက်ရောက်မှုမရှိတဲ့ အခါကြတော့ အဲဒီမှာ သူတို့ရဲ့ လုပ်စားဂွင်ကြီးလို ဖြစ်နေတာပေါ့” ဟု ပြောသည်။
KIA သည် အနောက်မြောက်စစ်ဒေသရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို စစ်ရေး လေ့ကျင့်ပေးခြင်းနှင့် လက်နက် တပ်ဆင်ပေးခြင်းတို့သည်လည်း အဓိကအခန်းကဏ္ဍက ပါဝင်နေသလို PDF များနှင့်အတူ စစ်ဆင်ရေး များ ဖော်ဆောင်ခြင်းဖြင့် အနောက်မြောက်ဒေသမှာ KIA ၏ စစ်ရေးဩဇာကို တိုးချဲ့လျက်ရှိနေသည်။
ထို့ပြင် နွေဦးတော်လှန်ရေးမှာ အရေးပါသည့် စစ်ကိုင်းတိုင်းကိုလည်း ထောက်တိုင်တစ်ခုသဖွယ် အသုံးချလျက် ရှိပြီး စစ်ကိုင်းတိုင်းသည် ရွှေသတ္တုနှင့် သစ်လုပ်ငန်းများ ထွက်ရှိသဖြင့် ထိုဒေသအား စိုးမိုးထားနိုင်ခြင်းသည် တော်လှန်ရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေ ရှာဖွေနိုင်မှုနှင့် သယံဇာတ စီမံခန့်ခွဲမှုများတွင် အသာစီးရစေ ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
