CNI news

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉

လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်နေသည့် မြန်မာနိုင်ငံရှိ စစ်ကိုင်းတိုင်းဒေသကြီး မတည်ငြိမ်ပါက အိန္ဒိယ တင်မက တရုတ်ပါ အခက်တွေ့နိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး မတည်ငြိမ်ပါက အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် အိန္ဒိယ ကို  ဆန့်ကျင်နေသော လက်နက်ကိုင်အဖွဲ့များ ခိုအောင်းနိုင်ခြေတို့ကြောင့် အိန္ဒိယအတွက် ကြီးမားသော အခက် အခဲများနှင့် စိန်ခေါ်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နှင့် ပိုးလမ်းမစီမံကိန်း (BRI) တို့အတွက် အချက်အချာကျသော ဒေသဖြစ်သလို တရုတ်စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ တည်ရှိရာ ဒေသ ဖြစ်သည့်အတွက် စစ်ကိုင်းတိုင်းမတည်ငြိမ်ပါက တရုတ်အတွက်လည်း အခက်အခဲများ ရင်ဆိုင်ရနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ‌ထောက်ပြကြသည်။

မြန်မာနိုင်ငံရှိ စစ်ကိုင်းတိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရန်အတွက် အပစ်ခတ်ရပ်စဲရေးနှင့် ဆွေးနွေးပွဲများပေါ် လာနိုင်ကြောင်း၊ စစ်ကိုင်းတိုင်း မတည်ငြိမ်ပါက အိန္ဒိယနှင့်တရုတ် အခက်တွေ့နိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

 မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်

၎င်းက “ဟိုစစ်ကိုင်း မငြိမ်လို့ကတော့ တရုတ်အတွက်လည်း အခက်တွေ့မှာပဲလေ။ တရုတ်ကလည်း အဲဒီဟာကို ဖြတ်ပြီးသွားရမှာလေ သူရဲ့ကျောက်ဖြူ ရေနက်ဆိပ်ကမ်းက။ အဲဒီတော့ စစ်ကိုင်း မငြိမ်လို့ကတော့ အိန္ဒိယတင် မကဘူး၊ တရုတ်လည်း အခက်တွေ့မှာပဲဗျ။ အဲဒီတော့ စစ်ကိုင်းကို သူက ငြိမ်အောင်လုပ်ရတော့မှာလေ။  အဲဒီ တော့ ငြိမ်အောင် လုပ်ရေးဆိုတာမှာ ခုနက ကျမပြောတဲ့ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲကြီးတွေကိုခေါ်ရမှာ NUG ကို စကားပြောချင်ချင်၊ မပြောချင်ချင် ဒါသူထည့်သွင်းရတော့မှာ။ ဘာဖြစ်လို့လဲဆိုတော့ မိုဒီကလည်း ပြောလိုက် တယ်လေ၊ ဒီမိုကရေစီလမ်းကို ပြန်သွားဖို့ဆိုရင် အဖွဲ့တွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ဖြစ်အောင်လုပ်ပါဆိုတဲ့။ တရုတ်ကလည်း ဒါကိုတောက်လျှောက် ဖိအားပေးနေတာ။ အဲဒီတော့ တရုတ်ကိုခေါ်ပြီးတော့ သူတို့ကြိုက်သလို နိုင်ငံတော်ဧည့်သည်အဖြစ် ဖိတ်ပြီးတော့ စနစ်တကျ ခေါ်ပြီးပေးမယ်ဆိုရင် တရုတ်ကို ပြန်ပြီးတော့လည်း (ဦး)မင်း အောင်လှိုင်က ပြန်ပြီးတော့ ပေးရမယ့် အချက်အလက်တွေ ရှိလာနိုင်တယ်လေ။ အဲဒီတော့ အဲဒီအချက်အလက်က ဘာလဲဆိုတော့ သူတို့ပြောပြောနေတဲ့ "Tiger Myanmar Economy Quality" (ဒါမှမဟုတ် အာရှကျားတစ်ကောင် ဖြစ်လာမယ့် မြန်မာ့စီးပွားရေး အရည်အသွေး) ကြီးဖြစ်ဖို့ဆိုရင် အဲဒီတောက်လျှောက်က အေးချမ်းဖို့လိုတာကို။ ဒါ ကြောင့်မို့ အပစ်ခတ်ရပ်စဲရေးတွေ၊ ဆွေးနွေးပွဲတွေ ပေါ်လာမယ်လို့ ကျမပြောတာ”ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် KIA ဦးဆောင်သည့် လက်နက်ကိုင် အင်အားစုများက ကသုံးလုံး(ကန့်ဘလူ-ကောလင်း-ကသာ) စစ်ဆင်ရေးကို ဖော်ဆောင်၍ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်တို့ကို ဆက်စပ်ပြီး မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသ လွတ်မြောက်ရေး ကြိုးပမ်းလျက်ရှိနေသည်။

ထို့ကြောင့် မြန်မာ့တပ်မတော်၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ ဇိုမီးအမျိုးသားတော်လှန်ရေး တပ်မတော်(ZRA/ZRO)၊ အာရက္ခတပ်တော်(AA)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ KIA၊ PDF တို့ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ် 

စစ်ကိုင်းတိုင်းထဲတွင် လက်နက်ကိုင်ပေါင်းစုံ လှုပ်ရှားနေကြသည့်အတွက် အစိုးရအနေနှင့် ငြိမ်းချမ်းရေးစကား ပြောရန် မည်သည့်အဖွဲ့နှင့် ပြောရမလဲဆိုသည့် ကဏ္ဍများရှိကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီစစ်ကိုင်းတိုင်းဒေသကြီးမှာက တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေလည်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မုံရွာတစ်ဖက်ကမ်းက လက်ပံတောင်း ကြေးနီစီမံကိန်းကြီးက တရုတ်ရဲ့ အကြီးစား လုပ်ငန်းတွေဖြစ်နေ တယ်လေ။ နောက်တချက်က ကျနော်တို့ ဒီတရုတ်နဲ့ အိန္ဒိယ ကုန်သွယ်ရေးလမ်းမကြီးဖြစ်တဲ့ ဒီကလေး၊ တမူး၊ မုံရွာ အဲဒီလမ်းမကြီးကလည်း ဖြတ်သန်းထားတဲ့အခါကြတော့ ကုန်စည်စီးဆင်းမှုတွေက ထိခိုက်နိုင်တယ်။ အဲဒီအတွက် ကြောင့်မို့ ကျနော်တို့ ဒီနိုင်ငံကြီးနှစ်နိုင်ငံရဲ့ ဒါကုန်စည်စီးဆင်းမှု လမ်းကြောင်းတွေကို ထိခိုက်တဲ့အတွက်ကြောင့်မို့ တရုတ်ရဲ့ အကျိုးစီးပွားတွေလည်း ထိခိုက်နိုင်ပါတယ်။ တိုင်းပြည် မငြိမ်မသက်ဖြစ်တဲ့ အခါကြတော့ တရုတ်စီမံကိန်း တွေက အနှောင့်အယှက်ဖြစ်လာတာတွေ တွေ့ရှိရတာပေါ့။ အမှန်တကယ်ကတော့ စစ်မတိုက်ရဘဲနဲ့ ငြိမ်းချမ်းရေး ရသွားတာကတော့ အကောင်းဆုံးပေါ့နော်။ အခုက စစ်တိုက်ပြီးမှ ယုံကြည်မှုရမယ်ဆိုရင် လူတွေရဲ့စိတ်ဒဏ်ရာ အနာ တရ ကြီးကြီးမားမားတွေ ရကြကုန်မှာ ဖြစ်ပါတယ်။ အခု စစ်ကိုင်းတိုင်းထဲမှာဆို အဖွဲ့ပေါင်းစုံက လှုပ်ရှားနေကြ တော့ တဖက်ကလည်း ငြိမ်းချမ်းရေး စကားပြောဖို့အတွက်ကို ဘယ်အဖွဲ့နဲ့ပြောရမလဲဆိုတဲ့ ကဏ္ဍတွေရှိတာပေါ့ နော်  အစိုးရဘက်က ပြန်စဥ်းစားတဲ့အခါမှာ”ဟု ပြောသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ကချင်(KIA)၊ ရှမ်းနီ(SNA)၊ ရခိုင်(AA)၊ ကူကီး(KNA)၊ PDF များ၊ နာဂ လက်နက်ကိုင်များ၊ ကသည်းလက်နက်ကိုင်များ စသည့် လက်နက်ကိုင်များ လှုပ်ရှားလျက်ရှိသည်။

တခြား တစ်ဖက်မှာတော့ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ အိန္ဒိယသို့လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ဇွန်လ ၁၉ ရက်ထိ တရုတ်သို့လည်းကောင်း သွားရောက်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အား တွေ့ဆုံ ဆွေးနွေးခဲ့သည်။