CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့် “၀” ကဲ့သို့ ရပ်တည်နိုင်ချင်သည့် ရည်မှန်းချက် ထားရှိ ခြင်းသည် မည်သည့်အတွက်ကြောင့်လဲ ဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပ နိုင်ငံရေးအသိုင်းအဝန်းကြား မေးခွန်း ထုတ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခု စုစုပေါင်း ၆ ခု သတ်မှတ်ထားကာ “ဝ” သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဖြစ်သည်။ 

“ဝ” အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခြင်းသည် တရုတ်နယ်စပ်တွင် တည်ရှိနေခြင်း၊ ငွေအင်အား၊ လူအင်အား၊ လက်နက်အင်အားနှင့် ဒေသအား လုံခြုံစွာ ထိန်းထားနိုင်သည့် အချက်အလက်များကြောင့် ဖြစ်ကြောင်း၊ ကျန် တိုင်းနှင့် ပြည်နယ်များတွင် “ဝ” ကဲ့သို့ စုဖွဲ့မှု ကျစ်လျစ်မှုမျိုး မည်သူ့မှာမှ မတွေ့ရကြောင်း စစ်ရေးနှင့် နိုင်ငံ‌ရေး အကဲခတ်များက ထောက်ပြကြသည်။ 

၂၀၀၈ အခြေခံဥပဒေ စတင်ရေးဆွဲသည့် ပုဂ္ဂိုလ်များအနေဖြင့် ခိုင်မာသည့် ရည်ရွယ်ချက် ရှိခဲ့မည်ဆိုလျှင် ယခု ထက် ပိုမိုကောင်းမွန်သည့် အနေအထားမျိုး မြင်တွေ့လာရနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ UWSA မှ တာဝန်ရှိသူ တစ်ဦးကို တွေ့ရစဉ်

၎င်းက “ “ဝ”အဖွဲ့ကို ကျနော်တို့ ၂၀၀၈ အခြေခံဥပဒေ ညောင်နှစ်ပင်မှာဆွဲတုန်းက အခြေခံဥပဒေရေးဆွဲတဲ့ သူတွေက အ‌ခြေခံဥပဒေ ရေးဆွဲတာရဲ့ ရည်ရွယ်ချက်က ပါတီစုံဒီမိုကရေစီ အခြေခံဥပဒေ တစ်ခုလည်း ဖြစ်ရမယ်၊ ပြည်တွင်း ငြိမ်းချမ်းရေးလည်း ရရမယ်၊ ပြည်တွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း တစ်ခုတည်းသော တပ်မတော်အဖြစ် ပြောင်းလဲနိုင်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ ရည်ရွယ်ချက် မရှိခဲ့လို့ပေါ့။ အဲဒီလို ရည်ရွယ်ချက် ရှိခဲ့မယ် ဆိုရင် အဲဒီတုန်းက အခြေခံဥပဒေ ရေးဆွဲခဲ့တဲ့ ပုဂ္ဂိုလ်များ အဓိကအားဖြင့်တော့ ဦးသန်းရွှေကို ပြောချင်တာပေါ့။ ဦးသန်းရွှေတို့က အာရုံစိုက်ပြီးတော့ "ဝ"တပ်ဖွဲ့ကဆိုရင် အဲဒီတုန်းက အင်အားအကြီးဆုံး၊ အကြီးဆုံးဖြစ်တဲ့ အတွက်ကြောင့် သူတို့အုပ်‌ချုပ်နေတဲ့ ဒေသကလည်း အုပ်ချုပ်ရေးယန္တ‌ရားတွေ တပ်မတော်ရဲ့ အင်အားတွေနဲ့ သီးခြား ကင်းလွတ်နေတယ်။ ကင်းလွတ်နေတော့ ဒီဒေသကိုတော့ ငါတို့အခြေခံဥပဒေထဲမှာ ပါအောင် ဘာပဲ ဖြစ်ဖြစ် အဓိက ညှိနှိုင်းပြီးတော့ ရေးဆွဲမှဖြစ်မယ်ဆိုတဲ့ ခိုင်မာတဲ့ရည်ရွယ်ချက်၊ အမြော်အမြင်ကြီးတဲ့ ရည်ရွယ်ချက် သာရှိခဲ့ရင် အဲဒီ ၂၀၀၈ အခြေခံဥပဒေကြီးကို ဇွတ်အတင်း ဒီလိုအတည်ပြုမှာ မဟုတ်ဘူး။ တကယ်တမ်း အမျှော် အမြင်ရှိတဲ့ ခေါင်းဆောင်ဆိုရင် သူတို့ရဲ့ဖြစ်တည်မှုက အခြေခံဥပ‌ဒေနဲ့သွားမယ့် တိုင်းပြည်ရဲ့ အနာဂတ်အတွက် အန္တရာယ်ရှိတယ်ဆိုတာ ကြိုပြီးတော့ သိမြင်နေလို့ရှိရင် သူတို့ကို မပါပါအောင်ဆွဲမှာ”ဟု ပြောသည်။

လက်ရှိတွင် “ဝ”သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ (စ)အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဆင့် သတ်မှတ် ပေးထားသော်လည်း “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒေသသည် ဗဟိုအစိုးရ၏ ဩဇာအာဏာ သက်ရောက်မှုမရှိဘဲ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က သီးခြားလွတ်လပ်စွာ စီမံအုပ်ချုပ် လျက်ရှိနေသည်။ 

UWSA သည် “ဝ” ဒေသ တစ်ခုလုံး၏ စစ်ရေး-နိုင်ငံရေး အပါအဝင် တရားရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အကောက်ခွန်ဌာန၊ လဝက စသည့် လုပ်ငန်းစဉ်များ ကိုယ်ပိုင်စီမံအုပ်ချုပ်လျက်ရှိသည်။

ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက “ဝ”တပ်ဖွဲ့(UWSA)ကို စံနမူနာထား၍ “ဝ”ကဲ့သို့ နိုင်ငံရေးအဆင့်အတန်းမျိုး ပေးရန် တောင်းဆိုလျက်ရှိသလို တခြား လက်နက်ကိုင်များကတော့ ကိုယ်တိုင် တည် ဆောက်လျက်ရှိနေသည်။

“ဝ”သည် သီးခြား နယ်မြေဒေသလို ဖြစ်လာသည့်အတွက် ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အားကျ လာပြီး “ဝ”ကဲ့သို့ အခွင့်အရေးမျိုးကို တောင်းဆိုလာကြခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “အခုဟာက အဲဒီလိုမပါတဲ့အတွက် သူ့တပ်ကလည်း သူ့ဟာသူ သီးခြားလှုပ်ရှားတယ်။ သူတို့ကလည်း သီးခြားနေတယ် ပြီးတဲ့အခါကျတော့ အခု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း လက်နက်ခဲယမ်းမီးခြောက် ထောက်ပံ့တယ်၊ လိုအပ်တဲ့ ငွေရေးကြေးရေး ဘာညာ အကူအညီတွေ ပေးတယ်ဆိုတော့ အကျိုးဆက်‌ကို တွေ့တယ်မလား။ အဲဒီလို ကူညီ နိုင်ရုံတင် မကဘူး၊ သူတို့နေထိုင်နိုင်တဲ့ သူတို့နေခဲ့တဲ့ နိုင်ငံရေးအရ လွတ်လွတ်လပ်လပ် ဗဟိုအစိုးရရဲ့ အခြေခံ ဥပဒေအရကို လွတ်လွတ်လပ်လပ် နေနိုင်တဲ့ဘဝကို ကျန်တဲ့တိုင်းရင်းသားတွေက အားကျတာကို။ အားကျတဲ့ အခါကျတော့ ကျနော်တို့က "ဝ"လိုဖြစ်ချင်တယ်။ ကျနော်တို့က အဲဒီလိုသွားမှာ အဲဒီလို ပြောတာပေါ့နော်” ဟု ပြောသည်။

လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်း‌ရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခွဲပေးရုံဖြင့် မပြီးပြတ်သေးကြောင်း၊ “ဝ” တပ်ဖွဲ့နှင့် ကျန်တိုင်းရင်းသား လက်နက်ကိုင်များသည် မတူညီသည့် ရပ်တည်ချက် များစွာရှိကြောင်း စစ်ရေးနှင့်နိုင်ငံ‌ရေးအကဲခတ်များက ထောက်ပြကြသည်။ 
အခြား တိုင်းရင်းသားလက်နက်ကိုင်များကို “ဝ” ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်‌ ပေးရမည်ဆိုသည်မှာ ပထဝီ အနေအထားအရ မည်ကဲ့သို့မျှ အဆင်ပြေနိုင်မည် မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ မျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ “ဝ”ကတော့ လက်နက် တပ်ဆင်ခွင့် တပ်အင်အား တိုးချဲ့ခွင့် အဲဒီဟာအပြင် ခုနကပြောတဲ့ ငွေကြေး စီမံခန့်ခွဲခွင့်၊ ဒီဒေသကြီး တစ်ခုလုံးကို စီမံခန့်ခွဲမှု တစ်ခုလုံးကို ၁၀၀ ရာခိုင်နှုန်း နီးပါးရထားတာလေ။ အဲဒီလိုမျိုး ကတော့ တခြား တိုင်းရင်းသား လက်နက်ကိုင်‌တွေက လိုချင်ကြမှာပေါ့။ ပေးမလား မပေးမလားဆိုတာပဲ စဉ်းစား ရမှာပေါ့နော်။ "ဝ"တုန်းက ဘာဖြစ်လို့ ပေးခဲ့တာလဲ၊ မဖြစ်မနေမို့ ပေးခဲ့ရတာလား၊ ပေးဖို့သင့်လို့လား။ "ဝ"လိုနေရာ မျိုးဆို ပေးလိုက်ခြင်းအားဖြင့် သူ့မှာပင်လယ်မရှိဘူး၊ ပင်လယ်မရှိတဲ့အတွက် သူ့ပါ့ဟာသူ ကြိုက်သလို သဘော အားဖြင့် ဗမာပြည်ရဲ့ နိုင်ငံခြားရေးမူဝါဒကို သူအရမ်းကြီး စွက်ဖက်လို့မရဘူး။ တရုတ်နဲ့ သဘောထားအမျိုးမျိုး ရှိတဲ့သူ။ ဒါပေမယ့် ရခိုင်လိုဟာမျိုးကို ရခိုင်ကမ်းရိုးတန်းကြီး တစ်ခုလုံးကို AA က စိတ်တိုင်းကျ လုပ်လိုက်ရင် ကျနော်တို့ ဘယ်လိုလို့ ပင်လယ်ကုန်သွယ်ရေးမှာ တနင်္သာရီနဲ့ ဧရာဝတီပဲ ကျန်တော့မှာပေါ့ အစသဖြင့်ပေါ့နော်။ အဲဒီတော့ စဉ်းစားချက်တွေက မတူဘူးဗျ။ "ဝ" နဲ့ရခိုင်နဲ့ကို အဲဒီလို အတူတူ စဉ်းစားလို့ မရဘူးပေါ့နော်။ အဲဒီလို KIA ဆိုရင်ရော ပေးမလားဆို ပင်လယ်ထွက်ပေါက်တော့မရှိဘူး။ ဒါပေမယ့် သူ့ဆီမှာက တိုင်းပြည်အတွက် တကယ့် အရေးကြီးတဲ့ သယံ‌ဇာတတွေ သတ္ထုတွေ အများကြီး ထိုင်နေတယ်။ အဲဒါကို သူတို့စိတ်တိုင်းကျ လုပ်ပိုင် ခွင့် ပေးလိုက်မလား ဒီလို အမျိုးမျိုးစဉ်းစားရတယ်” ဟု ပြောသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် ကိုးကန့်သည် ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းနှင့် လောက်ကိုင်မြို့နယ်၊ ပလောင်သည် ရှမ်းပြည်နယ်အတွင်းရှိ နမ့်ဆန်နှင့် မန်တုံမြို့နယ်၊ ဓနုသည် ရှမ်းပြည်နယ်အတွင်းရှိ ရွာငံနှင့် ပင်းတယမြို့နယ်၊ ပအိုဝ်းသည် ရှမ်းပြည်နယ်အတွင်းရှိ ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်း မြို့နယ်၊ နာဂသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လဟယ်၊ လေရှီးနှင့် နန်းယွန်းမြို့နယ် တို့ကို ရရှိထားကြသည်။ 

UWSA ကတော့ ရှမ်းပြည်နယ်အတွင်းက ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်၊ ပန်ဆန်း(ပန်းခမ်း)မြို့နယ်တို့ကို ရရှိထားသည်။

ထို့နောက် AA က မိမိတို့သည် အနိမ့်ဆုံး အဆင့်အနေဖြင့် “ဝ”ကဲ့သို့ နိုင်ငံရေးအဆင့်အတန်းကို ရလိုကြောင်းနှင့် ကွန်ဖက်ဒရေးရှင်းအဆင့်ကို သွားလိုကြောင်း ပြောကြားထားသလို KIA ကတော့ တိုင်းရင်းသားလက်နက်ကိုင်များ သည် ၂၀၂၅ ခုနှစ်ကျော်လွန်လာပါက ဖက်ဒရယ်ထက် ကျော်လွန် စဉ်းစား၍ တောင်းဆိုလာကြမည်ဟု ပြောကြား ထားသည်။