CNI New
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၄
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဖြင့် အာမခံချက် ပေး၍ စည်းရုံးသင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ် လိုင်ဇာမြို့မှာ ယခုရက်ပိုင်းအတွင်း နွေဦးတော်လှန်ရေး လက်နက်ကိုင် အင်အားစုများ ဆုံဆည်းကာ တွေ့ဆုံဆွေးနွေးကြခြင်းက စစ်ရေးအရှိန်မြင့်တက်လာနိုင်သလို ရွေးကောက်ပွဲ ကျင်းပရေးအပေါ်လည်း အကျိုးသက်ရောက်လာနိုင်ကြောင်း ၎င်းတို့က ထောက်ပြလျက်ရှိသည်။
တိုင်းရင်းသား လက်နက်ကိုင် များ တောင်းဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် စည်းရုံးသွားရလိမ့် မည်ဟု နိုင်ငံရေးလေ့လာသုံးသပ် သူ ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ အာဏာသုံးရပ်ကို ခွဲဝေကျင့်သုံးမယ်ဆိုတဲ့ လမ်းကြောင်းကို သွားမယ်ပေါ့နော်။ အဲအာဏာသုံးရပ် ခွဲဝေ ကျင့်သုံးတဲ့ ထဲမှာလည်း ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ ပါဝင်အောင် လုပ်ပေးထားတယ်ပေါ့။ အခုကတည်း ကလည်း လုပ်သင့်သလောက် လုပ်ကိုင်တယ်။ သို့သော် လုပ်လို့မရတဲ့ကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးကိစ္စ ဟိုဘက်က တိုင်းရင်းသား လက်နက်ကိုင်တွေသည် တောင်းဆိုတာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပဲ။ အဲတော့ ဥပဒေအရ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတာက လွှတ်တော်မပေါ်ပဲ ပြင်လို့မရဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ် မှာတော့ တကယ်တမ်းကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုတည်းဆိုတာ မဟုတ်ပါဘူး။ ဒီသယံဇာတကိစ္စတွေ အာဏာခွဲဝေမှုကိစ္စ တွေ။ ဒါတွေလည်း ပါတာပေါ့။ ဒါတွေ အားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရင်းနဲ့ စည်းရုံးသွားရလိမ့်မယ်။ ရဖို့အတွက်လည်းပဲ လွှတ်တော်ပေါ်လာတဲ့ နောက်တက်လာမယ့် အစိုးရကနေ လုပ်လိမ့် မယ်”ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံ ကျင်းပနေစဉ်
၂၀၂၅ ခုနှစ်၊ ဇူလိုင်လနှင့်ဩဂုတ်လများအတွင်း KIA ဌာနချုပ်သို့ ချင်းညီနောင်အဖွဲ့(CB)၊ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ယောတပ်တော်၊ မြိုင် PDF၊ NUG ဝန်ကြီးများ၊ နာဂလက်နက်ကိုင်များ စသည့် နွေဦးတော်လှန်ရေး အင်အားစုများ ဆုံဆည်း၍ KIA နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်၌ လွတ်လပ်ရေး ရပြီးနောက် သုံးလအကြာမှာ ပြည်တွင်းစစ် ပေါ်ပေါက်လာခဲ့သည်မှာ ယနေ့ထိတိုင် ဖြစ်သည်။
KIA ဌာနချုပ်တွင် တွေ့ကြတယ်ဆိုသည့် ကိစ္စသည် လျှို့ဝှက်ထားရမည့် ကိစ္စဖြစ်သော်လည်း ယခုလို ပေါ်လာ ခြင်းက တခြားတစ်နေရာတွင် အသုံးပြုချင်၍ ထုတ်ပြကာ ကစားခြင်းလား သုံးသပ်ရမည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဟုတ်ပါတယ်။ လက်နက်ကိုင်တွေ အဖွဲ့အမျိုးမျိုး လုပ်နေသမျှတော့ မြန်မာပြည် ဘယ်တော့မှ မငြိမ်းချမ်းနိုင်ဘူးပေါ့နော်။ အခု KIA ဌာနချုပ်မှာ တွေ့ကြတယ်ဆိုတဲ့ ဥစ္စာလည်း ဗမာ အတွေ့အကြုံအရ သဘာဝအရဆိုရင် လျှို့ဝှက်ထားရမယ့်ကိစ္စ ဒီထွက်ပေါ်လာတယ်ဆိုတဲ့ အခါကြတော့လည်း ဒါတခြား တစ်နေရာ မှာ အသုံးပြုချင်လို့ ဒါကို ကစားလိုက်တာလားဆိုတာကို သုံးသပ်ရပါတယ်။ ရွေးကောက်ပွဲ အပြီးမှာပေါ့။ တက်လာ မယ့် အစိုးရပေါ့နော်။ သူက စိတ်ဓာတ်အရ တောင့်တင်းခိုင်မာပြီးမှ ပျော့ပြောင်းညင်သာစွာ ကစားတတ်တဲ့ အစိုးရ တက်လာဖို့တော့ လိုအပ်တာပေါ့။ ဒီဘက်က ဘယ်လိုရှိထားလဲဆိုတော့ မြန်မာပြည်မှာ လက်နက်ကိုင် ချုပ်ငြိမ်းမှ သာ ပြည်သူက အေးအေးချမ်းချမ်းနဲ့ ဝမ်းစာမီးတွေ စီးပွားရေးရှာနိုင်မှာပေါ့။ အဲခါကြတော့ ဒီဥစ္စာ တွေက လွှတ်တော်ရဲ့ အဆုံးအဖြတ်တွေ ခံယူပြီးမှ ဒါတွေကို လက်နက်ကိုင် အဖွဲ့အစည်း လျော့နည်း ပပျောက် သွားအောင် ဆောင်ရွက်သင့်တယ်ဆိုရင်တော့ ဒါငြိမ်းချမ်းရေး နည်းလမ်းတစ်မျိုး တိုက်ခိုက်ရေး နည်းလမ်း တစ် မျိုး နည်းလမ်းပေါင်းစုံ ကျင့်သုံးပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အေးငြိမ်းသွားအောင်လို့တော့ ဆောင် ရွက်သင့်တယ်လို့တော့ ကျနော့် အနေနဲ့ မြင်တာပေါ့”ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(EAO)များနှင့် နွေဦးတော်လှန်ရေး အင်အားစုများသည် စစ်အာဏာရှင် ဖြုတ်ချရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး သို့မဟုတ် ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင် ရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ သယံဇာတခွဲဝေရေး၊ အုပ်ချုပ်ရေးအာဏာ ခွဲဝေရေး စသဖြင့် တောင်းဆို လျက်ရှိသည်။
တချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များကတော့ ကွန်ဖက်ဒရေးရှင်း အဆင့်အတန်း ရရှိရေး၊ သီးခြားလွတ်လပ်သော နယ်မြေထူထောင်ခွင့်ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး စသဖြင့် တောင်းဆို၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိသည်။
လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နယ်မြေအုပ်ချုပ်ခွင့်များ ရရှိရေး ကြိုးပမ်းနေကြသလို သူတစ်လူ ငါတစ် မင်း လုပ်နေကြ၍ စစ်ပွဲကို ဆက်လက်ဆင်နွှဲရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်များ အနေဖြင့် မိမိတို့ လိုလားချက် များကို လွှတ်တော်အတွင်းကနေ တောင်းဆိုကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။