CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၅

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် အဓိက အားနည်းချက် နှစ်ချက် မြင်တွေ့ရသည်ဟု နိုင်ငံ‌ရေးလေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလက CNI သတင်းဌာနသို့ ပြော သည်။ 

NCA တွင် အဓိက အားနည်းချက်အနေဖြင့် နှစ်ချက်ရှိကြောင်း၊ ပထမအချက်အနေဖြင့် နယ်မြေဆိုင်ရာ ကိစ္စရပ်များဖြစ်ပြီး ဒုတိယအချက်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ထိရောက်စွာ ဖော် ဆောင်နိုင်မှု မရှိခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ 

ဒေါက်တာအန်ကောလက “ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဟာကတော့ ခုနကလိုပေါ့၊ NCA ကတော့ တတ် နိုင် သလောက်တော့ လုပ်တော့လုပ်ထားကြတယ်။ အဓိက အားနည်းချက်က NCA မှာ နှစ်ချက်ရှိတယ်။ နံပါတ်တစ်အချက်က နယ်မြေဆိုင်ရာ ကိစ္စတွေပေါ့နော်။ နယ်မြေရှိမှဆိုတဲ့ အတိုင်းအတာတစ်ခု ရှိနေ တယ်။ အဲဒီဟာတစ်ချက်ရယ်။ နောက်တစ်ခုက NCA မှာ တကယ်တမ်း အတည်ပြုတာက အမျိုးသား အဆင့် လူမျိုးအလိုက်နဲ့ ဒေသအလိုက် ဆွေးနွေးပွဲတွေ အဲဒါပြီးတော့မှ ညီလာခံသွားတာ။ အဲဒါတွေနဲ့ သူက Legitimate ကိုယူတာ (Legitimacy) ကို။ အဲဒီဟာတွေကျတေ့ာ အားနည်းချက်က အဲဒီနှစ်ချက် ပေါ့။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ဘူး။ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ အဲဒါတစ်ချက်။ နောက်တစ်ချက်က နယ်မြေကိစ္စတွေ ဖြစ်တဲ့အခါကျတော့ ဥပမာ ကျနော် ပြောပြမယ်။ ALP ဆိုရင် အခု ဒေါ်စောမြရာဇာလင်းတို့က (ALP)တွေ  နယ်မြေမရှိတော့ဘူးလေ။ NCA က ထိုးထားတယ်။ သူ့မှာ ကိုးလို့ကန့်လန့် ဖြစ်နေပြီ။ အဲဒီတော့ နယ်မြေတွေအပေါ်မှာပဲ ကန့်သတ်ချက် တွေနဲ့ သွားတဲ့အတွက်ကြောင့်မို့လို့ ဘာဖြစ်လာလဲဆိုရင် နယ်မြေရအောင် တိုက်မယ်ဆိုတဲ့ဟာက ပေါ် လာတာ။ ပေါ်လာတဲ့ အခါကျတော့ အမှန်ကတော့ လက်ရှိ အနေအထား အခင်းအကျင်းက ရှိပြီး သား နယ်မြေမှာ NCA ထိုးပြီးတော့ အပစ်ရပ်ပြီးတော့မှ နိုင်ငံရေး ဆက်လက် ဆွေး‌နွေးတာ လောလော ဆယ်ရှိတဲ့ နေရာမှာရပ် နောက်ဆုတ်သင့်တာ နောက်ဆုတ် ဒီလိုသွားတာကို။ နောက်တစ်ချက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပေါ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေကို မလုပ်နိုင်ဘူး။ လုပ်မယ့် Framework တို့က အားနည်းချက်တွေ အများကြီးပဲ။ အဲဒါတွေလည်း နည်းနည်းတော့ ဂရုတစိုက် ပြင်ရ ဆင်ရ ပြောရအုံးမယ်။ အချက်အလက်တွေတော့ အများကြီးရှိသေးတယ်” ဟု ပြောသည်။ 

၂၀၁၅ ခုနှစ်က NCA လက်မှတ်ထိုးကြစဉ်

ထို့ပြင် NCA ၏ ညှိနှိုင်းဆွေးနွေးမှု မူဘောင်များကို ပြန်လည်ပြင်ဆင်သင့်ကြောင်း၊ NCA ကို ယခင်အချိန် က လုပ်ငန်းစဥ်များအတိုင်းသာ‌ ဆောင်ရွက်သွားမည်ဆိုလျှင် အဆင်ပြေနိုင်တော့မှာ မဟုတ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြနေကြသည်။

NCA တွင် အားနည်းချက်ရှိကောင်း ရှိနိုင်ကြောင်း၊ အစိုးရသစ် အနေဖြင့် NCA လမ်းကြောင်းမှ ငြိမ်းချမ်း ရေးကို စကားပြောနိုင်လိမ့်မည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “အားနည်းချက် ရှိတယ်ဆိုတာလည်း NCA က ကျနော်တို့ ဦးသိန်းစိန် လက်ထက်က စပေါ်တယ် လို့ ပြောလို့ရတာပေါ့နော် NCA စာချုပ်က။ သဘောတူညီချက် အဆင့်ဆင့်နဲ့ နောက်ပိုင်းကျတော့ ဒီအစိုး ရရဲ့ လိုချင်တဲ့ အချက်လေးတွေ ပြုပြင်ပြီးမှ။ ဒါကတော့ EAO ဘက်ကနေမှ တင်ပြချက် ၉၀ ရာခိုင်နှုန်း လောက် ပါတယ်ဗျ။ အားနည်းချက်ဆိုတာ ရှိကောင်းရှိမှာပေါ့။ အားလုံးပြီးပြည့်စုံတဲ့ စာချုပ်ဆို‌တာတော့ မဖြစ်‌ပေါ်လာဘူး။ ဒါပေမယ့်လည်း အခု လောလောဆယ် အခြေအနေကတော့ NCA စာချုပ် အတိုင်းကို ကျနော်တို့ ကိုင်ပြီးသွားကြရမှာပါ။ NCA လမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ အဖွဲ့တွေလည်း ကျန်ပါ သေးတယ်။ အဲဒီအတွက်ကြောင့်မို့ ကျနော်တို့ NCA လမ်းကြောင်းကလည်း ဒီတိုင်း လုပ်ရမယ်လို့တော့ တောက်လျှောက်ကြီး ကိုင်စွဲထားတာ မဟုတ်ဘူး။ ကျနော်တို့ နည်းဗျူဟာအပိုင်းတွေ ပြင်စရာရှိပြင်လို့ ရတယ်။ ညှိနှိုင်းလို့ရတာတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မို့ ဒီအစိုးရဘက်ကတော့ ဒီ NCA လမ်း ကြောင်း ဘက်ကနေပြီးမှ ငြိမ်းချမ်းရေးကို ကိုင်ပြီးမှ စကားပြောနိုင်မယ်လို့ ကျနော်မြင်ပါတယ်။ ဒါကြောင့်မို့ အခုဆိုရင်တော့ NCA စာချုပ် ချုပ်ဆိုတဲ့အခါလည်း နိုင်ငံတကာရဲ့ ရှေ့မှောက်မှာ ချုပ်ဆိုထား တာလေ။ EAO ရှစ်ဖွဲ့နဲ့။ အဲဒီအတွက်ကြောင့်မို့လို့ ဒီဘက်ကတော့ NCA စာချုပ်အတိုင်း သွားလိမ့်မယ်။ အားနည်းချက် ရှိကောင်းရှိမယ်။ ဒါပေမယ့် ပြုပြင်ရင်းသွားရင်းပေါ့ဗျာ” ဟု ပြောသည်။

၂၀၁၅ ခုနှစ်က NCA လက်မှတ်ထိုးကြစဉ်

NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ KNU/KNLA-PC၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်လွတ်မြောက်‌ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့ တွင် လက်မှတ်ထိုးခဲ့ကြသည်။ 

ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့လည်း လက်မှတ်ထိုးခဲ့သည်။

လက်ရှိတွင် NCA ကနေ KNU,CNF,ABSDF က နုတ်ထွက်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသလို ALP,PNLO,LDU,NMSP တို့သည်လည်း နှစ်ဖွဲ့ကွဲသွားသည်။