CNI News
၂၀၂၆ ခုနှစ်၊ မတ် ၅
မကြာခင်တက်လာမည့် အစိုးရသစ် အနေဖြင့် အင်အားကြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြား ဘက်မလိုက် မူဝါဒလမ်းစဉ်ဖြင့် သွားသင့်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
ထိုကဲ့သို့ မဟုတ်ဘဲ တစ်နိုင်ငံဖက်ကိုသာ ပုံအပ် ရပ်တည်လိုက်မည်ဆိုပါက မြန်မာနိုင်ငံသည် အမည်ခံ သာ ကျန်တော့မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးခွန်းဆိုင်က “အဲဒီလိုလုပ်မယ်ဆိုရင် သူက ၂ ခုဖြစ်နိုင်တာပေါ့။ တစ်ခုကတော့ ကျနော်တို့ နိုင်ငံဟာ အမည်ခံပဲ ကျန်တော့မှာပေါ့။ အမည်ခံပဲ ကျန်တော့မယ်။ ဒါပေမယ့် လက်တွေ့အားဖြင့်တော့ သူများ နိုင်ငံ ဖြစ်သွားပြီပေါ့။ အဲဒီတော့ တစ်ခုကောင်းမွန်နိုင်တာက ဘာလဲဆိုတော့ ကျနော်တို့ နိုင်ငံက နှစ် ပေါင်း ၈၀ နီးပါး ကိုယ့်ဟာကိုယ် အုပ်ချုပ်ခဲ့တာ မငြိမ်းချမ်းခဲ့ဘူး။ သို့သော်လည်းပဲ တခြားနိုင်ငံ လက် အောက်မှာ သွားကျ သွားတဲ့အခါကြတော့ သူတို့နိုင်ငံတွေလိုများ ငြိမ်းချမ်းလာမလားဆိုတဲ့ မျှော်လင့် ချက် မျိုးတော့ ရှိနိုင်တာပေါ့၊ ဒါကတစ်ခု။ နောက်တစ်ခုကတော့ ဘာလဲဆိုတော့ တကယ်လို့ ကျနော်တို့ အိန္ဒိယပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် ပေါင်းလိုက်တယ်ဆိုရင် သူတို့ နှစ်နိုင်ငံကလည်း ဆက်ပြီးတော့ မတည့်ဘူး ဆိုရင်တော့ ကျနော်တို့လည်း စစ်တလင်းဖြစ်ရမှာပေါ့။ တကယ်လို့ ကျနော်တို့နိုင်ငံက သူတို့နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရနိုင်တယ်ဆိုရင် ကျနော်တို့ နိုင်ငံအတွက်ကတော့ ဘာမှပူစရာ မလိုဘူးပေါ့။ ကျနော်တို့ ဘက်မလိုက် မူဝါဒနဲ့သွားရမှာပေါ့။ အခုလောလောဆယ် ကျနော်တို့ ၂၀၀၈ ထဲမှာ ရှိနေတဲ့ ပုဒ်မတွေ အများစုကို လူအများစုက လက်မခံဘူး ဆိုပေမယ့်လည်း ကိုယ်က ဘက်မလိုက်နိုင်ငံ ဖြစ်တယ်၊ နောက် ပြီးတော့မှ ကိုယ့်နိုင်ငံမှာ တခြား နိုင်ငံခြားတပ်တွေ မချရဘူးဆိုတဲ့ ကိစ္စတွေကတော့ အားလုံးသဘောတူ နိုင်တဲ့ ကိစ္စဖြစ်တယ်။ ဒါက ဆက်ပြီးတော့မှ ရှိသင့်တယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း ထိုနှစ်နိုင်ငံလုံးသည် မြန်မာ့အရေးမှာ အဓိကကျ သည့် အခန်းကဏ္ဍက ပါဝင်နေသော်လည်း ချဉ်းကပ်ပုံချင်း မတူညီကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ မြန်မာယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
တရုတ်နိုင်ငံသည် မြန်မာ့အရေးမှာ ဩဇာအရှိဆုံးဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ရေနံ/သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ၎င်း၏ အကျိုးစီးပွားဖြစ်ကာ မြောက်ပိုင်း မဟာမိတ်အဖွဲ့များ အပေါ်တွင်လည်း သြဇာသက်ရောက်မှု အင်မတန်ကြီးမားသည်ကို တွေ့ရသည်။
လက်ရှိ နယ်စပ်တိုက်ပွဲများတွင် တရုတ်သည် ကြားဝင်စေ့စပ်သူအဖြစ် ၎င်း၏အကျိုးစီးပွားကို ကာကွယ် ကာ ဝင်ရောက် လုပ်ဆောင်ပေးနေသလို ကုလသမဂ္ဂကဲ့သို့ နေရာမျိုးတွင် မြန်မာအစိုးရအပေါ် ဖိအားများ အား ဗီတိုအာဏာဖြင့် ကာကွယ်ပေး၍ အမာခံ မိတ်ဖက်အဖြစ် ရပ်တည်လျက်ရှိသည်။
အိန္ဒိယကမူ အရှေ့မြောက်ပိုင်းပြည်နယ်များ တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံနှင့် မကင်းကွာအောင် ကြိုးစားနေပြီး တရုတ်၏ သြဇာလွှမ်းမိုးမှုကို စိုးရိမ်သကဲ့သို့ အိန္ဒိယခွဲထွက်ရေးအုပ်စုများ မြန်မာနယ်စပ် တွင် ခိုအောင်းမည်ကိုလည်း အစိုးရိမ်ဆုံးဖြစ်သည်။
ထို့ကြောင့် လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် ဆက်သွယ်ရေးလမ်းကြောင်း အမြဲဖွင့်ထားကာ ကုလား တန်မြစ် ဘက်စုံစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် အဝေးပြေး လမ်းမကြီးများသည် အိန္ဒိယ ၏ "Act East" မူဝါဒအတွက် အရေးပါနေသည်ဟု ယူဆကြသည်။
အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်သည့်အတွက် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို ထောက်ခံကြောင်း ပြောလေ့ရှိသော်လည်း တရုတ်ကဲ့သို့ မြန်မာ့ပြည်တွင်းရေးကို လူသိရှင်ကြား ပါဝင် လေ့ မရှိခြင်းဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
အစိုးရသစ်၏ မူဝါဒတွင် နှစ်နိုင်ငံလုံးနှင့် မျှတစွာ ဆက်ဆံသွားမည်ဖြစ်သော်လည်း ၎င်းနှစ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒများမှာမူ အပြောင်းအလဲရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် အစိုးရသစ်အနေဖြင့် တစ်နိုင်ငံတည်း လမ်းစဉ်ကိုသာ ရွေးချယ်လိုက်မည်ဆိုပါက ဒုက္ခ ပိုရောက်သွားနိုင်ကြောင်း ၎င်းက ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက “သူက အဲဒီလို ရွေးချယ်လိုက်ရင်တော့ ဒုက္ခများမှာပေါ့။ ဒုက္ခ ပိုရောက်မှာပေါ့။ ဥပမာ ဆိုကြပါစို့ အမေရိကန် နောက်လူပေါ့။ အထူးသဖြင့်တော့ အိန္ဒိယနောက်လူပေါ့၊ အိန္ဒိယနဲ့ အဆင်ပြေပြေ ဆက်ဆံနေတာက ပြဿနာမရှိဘူး။ သူတို့နှစ်ယောက် အပြိုင်လုနေတဲ့ ကိစ္စတွေ မှာ ဥပမာ စီးပွားရေးအရ သဘာဝဓာတ်ငွေ့ ရောင်းချရေးလို ကိစ္စမျိုးတွေမှာ အိန္ဒိယဘက်ကို ကပ်လိုက် တယ် ဆိုရင်တော့ နည်းနည်း ပြဿနာရှိတာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ အိန္ဒိယနဲ့ပဲ ဆိုင်တဲ့ကိစ္စမျိုး ဥပမာ ဆိုပါစို့ ရခိုင်တို့၊ ချင်းပြည်နယ်တို့ကို ဖြတ်ပြီးတော့ အာသံ-မဏိပူရ်ဘက် လမ်းဖောက်မယ့်ကိစ္စမျိုး ပိုပြီး တော့ ကောင်းမွန်အောင် တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်တာမျိုး။ ဒါကိစ္စမရှိဘူး။ တရုတ်က သူ့အနေနဲ့က အဲဒီဟာမျိုးကို ခွင့်လွှတ်နိုင်တယ်။ သူနဲ့အပြိုင် လုပ်မယ့်ကိစ္စမျိုးကို အိန္ဒိယဖက် ကို ပေးလိုက်တာမျိုး ဆိုရင်တော့ သူက နည်းနည်း ကျေနပ်မှာ မဟုတ်ဘူး။ မကျေနပ်တဲ့ အခါကြတော့ မကျေနပ်ကြောင်းကို သူက ပြောမှာ မဟုတ်ဘူး။ သူက သူနိုင်တဲ့နည်း တစ်နည်းနည်းနဲ့ပေါ့ ဖော်ပြတတ် တယ်။ အခုလက်ရှိ စစ်အစိုးရကျင့်သုံးနေတဲ့ မူဝါဒဟာ နောက်တက်လာမယ့် အစိုးရလက်ထက်မှာ သိပ်ပြီးတော့ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လိမ့်မယ်လို့ မထင်ဘူး။ နှစ်ဖက်စလုံးနဲ့ မျှမျှတတ ဆက်ဆံပြီးတော့ပဲ သွားလိမ့်မယ်။ ဒါပေမယ့် ပြဿနာက အိမ်နီးချင်း အင်အားကြီး နှစ်နိုင်ငံက ကျနော် တို့ နိုင်ငံအပေါ်မှာထားတဲ့ ပေါ်လစီ မူဝါဒတွေကတော့ အပြောင်းအလဲရှိနိုင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံအတွက် လက်ရှိ စိန်ခေါ်မှုသည် တရုတ်ဘက်ကိုချည်း ယိမ်းသွားမည်ကို အိန္ဒိယမှ စိုးရိမ်နေ ကာ အိန္ဒိယနှင့် နီးစပ်လွန်းသွားပါကလည်း တရုတ်က မကြိုက်သည့် အချက်မျိုး ဖြစ်နေသည်ဟု စစ်ရေး နှင့် နိုင်ငံရေးအကဲခတ်များမှ ထောက်ပြကြသည်။
အထူးသဖြင့် ရခိုင်ပြည်နယ်တွင် တရုတ်၏ ကျောက်ဖြူရေနက် စီမံကိန်းရှိပြီး စစ်တွေမြို့၌ အိန္ဒိယ၏ ကုလားတန်မြစ် စီမံကိန်းမှ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်သည့် စစ်တွေဆိပ်ကမ်းစီမံကိန်းတို့ ရှိကြ သည်။
သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ မြေပြင် အခြေအနေများအရ တရုတ်သည် ပိုပြီး လက်တွေ့ကျကျ ဝင်ရောက် စွက်ဖက်နိုင်စွမ်း ပိုမိုရှိနေသည်ကို တွေ့ရသည်။
